မကွေးတိုင်း၊ ရေစကြိုမြို့မှာ ဧပြီ ၆ ရက် ညက စစ်ကောင်စီတပ်စခန်းတခု တိုက်ခိုက်ခံရပြီး ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံ Black Tiger တပ်ဖွဲ့-MBT ကနေ သိရပါတယ်။
“ရေစကြိုမြို့ အမှတ် ၄၊ ဖောင်တော်ဦးရပ်ကွက် ငြိမ်းဇာနည်စခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဧပြီ ၆ ရက် ည ၇ နာရီလောက်မှာ ကျနော်တို့ဘက်က ပြောက်ကျားနည်းစနစ်သုံးပြီး ဆိုင်ကယ်နဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ MBT ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတပ်စခန်းမှာ အရင်က စစ်ကောင်စီတပ်သား အင်အား ၁၂ ယောက်လောက်ပဲ တပ်စွဲထားရာကနေ သွားတိုက်မယ့်သတင်း ပေါက်သွားလို့ အင်အားထပ်တိုးထားတာ ၅၂ ယောက်အထိ ရှိတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့လို့ ရေစကြိုမြို့ ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရပြီး MBT ရဲဘော်တွေကတော့ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးတဲ့အချိန် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်လို့ သေဆုံးခဲ့တဲ့ အပြစ်မဲ့ပြည်သူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ချောင်းဦးမြို့နယ် လူငယ်အင်အားစု သပိတ်ကော်မတီ (CYSC) က ဧပြီ ၆ ရက်မှာ နစ်နာသူ မိသားစုဝင်တွေနဲ့ တွေ့ဆုံပြီး ကူညီထောက်ပံ့ခဲ့ပါတယ်။
အခုထောက်ပံ့မှုမှာ အသက်မပြည့်သေးတဲ့ ကလေးတဦး အပါအဝင် သက်ကြီးရွယ်အိုတွေလည်း ထိခိုက်တာ၊ သေဆုံးတာတွေ ရှိခဲ့ပြီး သေဆုံးသူ ၃ ဦး အပါအဝင် ဒဏ်ရာရသူတွေအတွက်ပါ ချောင်းဦးမြို့နယ် လူငယ်အင်အားစုကနေ တဆင့် NUG လူသားစာနာမှု ထောက်ပံ့ရေးက ပေးပို့ထောက်ပံ့ခဲ့တာလို့ ချောင်းဦးမြို့နယ် လူငယ်အင်အားစု သပိတ်ကော်မတီ တာဝန်ခံက ပြောပါတယ်။
သေဆုံးသူတဦးကို ၁ သိန်းနှုန်းနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ယောက်ဝန်းကျင်အတွက် တယောက်ကို ၃ သောင်းနှုန်း ကူညီထောက်ပံ့ပေးခဲ့တာလို့လည်း ဆိုပါတယ်။
အခုနှစ် မတ်လ တလတာအတွင်း စစ်ကောင်စီတပ်တွေက စစ်ကိုင်းတိုင်းထဲမှာ အကြိမ်ရေ ၅၀ ဝန်းကျင် မီးရှို့ဖျက်ဆီးခဲ့ပြီး မီးလောင်ပျက်စီးခဲ့ရတဲ့ နေအိမ်ပေါင်း ၃,၁၀၇ လုံးနဲ့ မီးရှို့သတ်ဖြတ်ခံရသူဦးရေ ၂၆ ဦးအထိ ရှိခဲ့တယ်လို့လည်း NUG အစိုးရရဲ့ စာရင်းပြုစုချက်တွေအရ သိရပါတယ်။