သင်္ကြန်ပစ္စည်းတွေဖြစ်တဲ့ ကလေးကစားစရာ ရေပြွတ်၊ ရေသေနတ်၊ ရေပက်ခံပစ္စည်း အစရှိတဲ့ ဈေးကွက် အရောင်းပါးတာ ဒီနှစ်နဲ့ဆိုရင် ၃ နှစ်လောက်ရှိပြီလို့ သင်္ကြန်ပစ္စည်း အရောင်းအဝယ် ဈေးကွက်ကနေ သိရပါတယ်။
သင်္ကြန်ပစ္စည်းတွေ အရောင်းပါးတာ အာဏာသိမ်းပြီးကတည်းဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က စစ်ကောင်စီက သင်္ကြန်ပြန်လည်ကျင်းပခဲ့ပေမဲ့ ရေပက်ခံထွက်သူ နည်းပါးတာ၊ သင်္ကြန်ကို အရင်လို စည်ကားအောင် မပြုလုပ်နိုင်တော့တဲ့အတွက် အရောင်းပါးလာတယ်လို့ ရန်ကုန်မြို့ရှိ သင်္ကြန်ပစ္စည်းရောင်းချသူတွေက ပြောပါတယ်။
သိမ်ကြီးဈေးမှာ သင်္ကြန်ပစ္စည်းရောင်းချသူတဦးက “ပစ္စည်းက အဝင်ရှိပေမဲ့ အရင်လို အများကြီးမှာပြီး မရောင်းရဲတော့ဘူး။ ဝယ်သူက မရှိသလောက်ဖြစ်လာတယ်။ အခုရောင်းနေတာတွေကလည်း အရင်နှစ်တွေက လက်ကျန်နဲ့ အသစ်ထွက်တာ နည်းနည်းလောက်ပဲ တင်ထားတာ” လို့ ပြောပါတယ်။
သင်္ကြန်ပစ္စည်းတွေကို တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံဘက်က အဓိကတင်သွင်းပြီးတော့ လက်ရှိမှာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းတာနဲ့ ထိုင်းဘတ်ဈေးနှုန်းတွေ မတည်ငြိမ်တာကြောင့် ပြန်လည်ရောင်းချရင်လည်း အရင်ထက် ဈေးနှုန်း ၂ ဆလောက်တင်ပြီး ရောင်းချနေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီက လာမယ့်သင်္ကြန်ကို စည်ကားစေဖို့အတွက် အပြင်းအထန် ကြိုးပမ်းနေပေမဲ့ တော်လှန်ရေးအဖွဲ့တွေက စစ်ကောင်စီရဲ့သင်္ကြန်မှာ မပါဝင်ဖို့ တိုက်တွန်းထားတာကြောင့် အခုနှစ်သင်္ကြန်လည်း စည်ကားဖို့မရှိဘဲ သင်္ကြန်ပစ္စည်း ရောင်းချတာတွေဟာလည်း နည်းပါးတာ ဖြစ်နိုင်တယ်လို့ ရောင်းချနေသူတွေက ပြောပါတယ်။