Home
မြန်မာသတင်း
ပုသိမ်-ချောင်းသာလမ်းတွင် မီနီဘတ်စ်ကား တောင်နံရံကိုဝင်တိုက်ပြီး ၁ ဦးသေ၊ ၁၇ ဦး ဒဏ်ရာရ
DVB
·
April 7, 2023
340144526_943487560438134_5430804921146810143_n

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ပုသိမ်-ချောင်းသာလမ်းမ မိုင်တိုင်အမှတ် ၂၉/၇ ဖာလုံနဲ့ မိုင်တိုင် ၃၀ ကြား၊ မျက်ရှကျေးရွာအနီးမှာ ဧပြီ ၅ ရက် မနက် ၈ နာရီလောက်က မီနီဘတ်စ်ကားတစီး လမ်းဘေးရှိ တောင်နံရံကို ဝင်တိုက်မိတာကြောင့် ယာဉ်ပေါ်ပါ ၁၉ ဦးအနက် ၁ ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံပရဟိတအသင်းတွေက ပြောပါတယ်။

အဲဒီနေ့ မနက်အစောပိုင်းက လူ ၁၉ ဦးပါ မီနီဘတ်စ်ကားဟာ ချောင်းသာမြို့ကနေ ပုသိမ်မြို့ကို မောင်းလာတာဖြစ်ပြီး ပုသိမ်-ချောင်းသာလမ်းမ မျက်ရှကျေးရွာအနီးက လမ်းအကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ တောင်နံရံ‌ကို ဝင်တိုက်မိတာပါ။

ချောင်းသာအခြေစိုက် လူမှုကူညီရေးအသင်းဝင်တယောက် “ချောင်းသာလာပြီး အဲ့မနက်က ပြန်ကြတာလို့ ပြောတယ်။ ကား မျက်ရှရွာအနီးက ‌လမ်းကွေ့မှာ မြေကြီးကိုဝင်တိုက်တာပါ။ တုံးလုံးလဲနေတယ်။ အမျိုးသားတဦး ကားအောက်ပိနေလို့ မီးသတ်တပ်ဖွဲ့က လာမှ ဆွဲထုတ်ရတယ်။ လူနာက ၁၇ ဦးရှိတယ်။ ၁၄ ဦးက ချောင်းသာတိုက်နယ်ဆေးရုံ၊ စိုးရိမ်ရ ၃ ဦးက ပုသိမ်ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်” လို့ ဆိုပါတယ်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ကျား ၁ ဦး၊ ခရီးသည် မ ၂ ဦးမှာ စိုးရိမ်ရဒဏ်ရာ၊ ကျန် ၁၄ ဦးမှာ မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့တဲ့အပြင် ခရီးသည်အမျိုးသား ၁ ဦး ကားအောက်ပိပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိမ်းမှောက်တဲ့နေရာကို ချောင်းသာမြို့ မီးသတ်ဌာနနဲ့ မြို့ခံပရဟိတအသင်းတွေ ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ကြပြီး လူနာတွေကို ချောင်းသာဆေးရုံနဲ့ ပုသိမ်ဆေးရုံ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ပုသိမ်-ချောင်းသာ လမ်းမပေါ်မှာ ယာဉ်တိုက်မှု ၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးနဲ့ သေဆုံးသူ ၁ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024