Home
မြန်မာသတင်း
၂ နှစ်ကျော်အတွင်း စစ်တပ်က ပြည်သူ ၃,၂၂၀ ကို ပစ်ခတ်သတ်ဖြတ်၊ သေဒဏ်ချခံရသူ ၁၅၁ ဦးထိ ရှိလာ
DVB
·
April 6, 2023
aapp april 6

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၂၂၀ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၁,၂၄၂ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဧပြီ ၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၇,၃၇၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၅,၅၃၉ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၉ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၁ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၈၄၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃ ရက်က စစ်ကိုင်းတိုင်း၊ အင်းတော်မြို့က အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့ ကျောင်းဆရာမ ဒေါ်သိန်းလှ၊ စျေးရောင်းသူ အမျိုးသမီး ၂ ယောက်ဖြစ်ကြတဲ့ ဒေါ်ခင်ပြည့်ပြည့်ထွန်းနဲ့ ဒေါ်အေးအေး တို့ကို အင်းတော်မြို့ စစ်ခုံရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့နဲ့ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသမီး ၃ ယောက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲခံရပြီး အင်းတော်မြို့က သူတို့နေအိမ်မှာ ပြီးခဲ့တဲ့ မတ် ၅ ရက်က အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးခံခဲ့ရတာလို့ အေအေပီပီက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နဲ့ ၄ ရက်နေ့တွေတုန်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးကျေးရွာကို အင်အား ၁၀၀ ကျော် ပါဝင်တဲ့ အကြမ်းဖက်စစ်အုပ်စုတပ်က ဝင်ရောက်စီးနင်းကာ မီးရှို့ခဲ့ပြီး အရပ်သား ၂ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါသတ်ဖြတ်ခံရသူ ၂ ယောက်ထဲက စိတ်ကျန်းမာရေးမကောင်းတဲ့ ကိုဝလီရဲ့ ရုပ်အလောင်းကို သေနတ်ဒဏ်ရာနဲ့ ဧပြီ ၄ ရက်နေ့မှာ၊ လက်ပြန်ကြိုးတုပ်ပြီး မီးလောင်ထားတဲ့ ဦးဌေးမောင်ရဲ့ ရုပ်အလောင်းကို ဧပြီ ၅ ရက်နေ့မှာ အင်းလယ်ကြီးကျေးရွာမှာ အသီးသီး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024