မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အိုင်မကျေးရွာကို ဧပြီ ၆ ရက် ဒီနေ့မနက် ၆ နာရီမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံ အသက် ၄၀ ကျော် အမျိုးသမီး ဦးခေါင်းကျည်စထိမှန် ဒဏ်ရာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါစစ်ကောင်စီတပ်ဟာ Well Two ရေနံမြေစခန်းကနေ လူချင်း တာဝန်အပြောင်းအလဲလုပ် ပြန်သွားပြီး ဝက်ပုတ်ကနေလာတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။
အိုင်မဒေသခံ ရွာသားတဦးက “သူတို့က အိုင်မရွာ အရှေ့မြောက်ဘက်က ရွှေကုန်းဘုန်းကြီးကျောင်းကို အရင်ဝင်ပြီး ဒီနေ့မနက် တပ်ဆွဲတယ်ပေါ့။ အဲလိုတပ်ဆွဲလာတာကို ပြည်သူတွေကသိတော့ ရွာထဲကနေ အကုန်ထွက်ပြေးကြတယ်။ အဲလိုပြေးနေတာကို အနောက်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်လို့ အခုလို ကျည်စစင်ပြီး ဦးခေါင်းကို ထိမှန်ခဲ့ရတာဗျ။ အသက်က ၄၀ ကျော်၊ ဒေါ်စန်းရှိန်ပါဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တဲ့ အိုင်မရွာဟာ အိမ်ခြေ ၄၅၀ ကျော်ရှိတဲ့ ကျေးရွာတရွာဖြစ်သလို အခုလို စစ်ကောင်စီတပ် ဝင်ရောက်လာလို့ အိုင်မအပါအဝင် အနီးအနား ကျေးရွာ ၄ ရွာက ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အိုင်မ ပြည်သူ့ကာကွယ်ရေး ဘာမထီအဖွဲ့ခေါင်းဆောင် ဗိုလ်ဂျမ်းတောက “တိုက်ပွဲကတော့ ကျနော်တို့နဲ့ မြေပြင်မှာ မဖြစ်သေးဘဲနဲ့ကို အခုလိုပစ်တာ။ ခြောက်လန့် ထုသလိုထုလို့ တဦးတည်းထိသွားတာလို့ပဲ ယူဆရမယ်။ ဒဏ်ရာရတဲ့သူကိုတော့ ကျနော်တို့ ကာကွယ်ရေးအဖွဲ့အနေနဲ့ ဆေးကုသမှု ပေးနေပါပြီဗျ။ ဒဏ်ရာက ဦးခေါင်းမှာ ရထားတယ်။ အသက်အန္တရာယ်ကတော့ လက်ရှိအချိန်မှာ စောင့်ကြည့်အနေအထားဖြစ်နေတယ်”လို့ ပြောပါတယ်။
အဆိုပါစစ်ကောင်စီတပ်ကို ဧပြီ ၅ ရက် မနက် ၆ နာရီလောက်က မြိုင်မြို့နယ်၊ ကျွဲတွင်းရွာနဲ့ ဝါးရင်းချိုင်ရွာအကြားမှာ ဒေသခံကာကွယ်ရေးတပ်တွေက မိုင်း ၅ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦး၊ စစ်သား ၁ ဦး စုစုပေါင်း ၂ ဦး သေဆုံးခဲ့ပြီး ရဲ ၂ ဦး၊ ပျူစောထီး ၂ ဦး စုစုပေါင်း ၄ ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။