မန္တလေးတိုင်း၊ တကောင်းမြို့နယ် အာရုဏ်ဦးရွာအနီးမှာ ဧပြီ ၅ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က စစ်ယာဥ်တန်း တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်ဘက်က ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းက အမျိုးသမီးတဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ တကောင်းမြို့နယ် ပကဖကနေ သိရပါတယ်။
ထီးချိုင့်မြို့ကနေ မန္တလေးမြို့ကို စစ်တပ်အင်အား ၈၀ ကျော်ပါ တွဲကား ၃ စီးကို အာရုဏ်ဦးရွာအနီးမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ တကောင်းမြို့နယ် ပကဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ပစ်ခတ်ချိန်က မိနစ် ၂၀ လောက်ကြာတယ်။ သူတို့စစ်ကားတွေကို ကင်းပုန်းစောင့်နေတဲ့ စစ်သားတွေက ရမ်းပစ်လို့ ရွာထဲက အမျိုးသမီးတဦး သေတယ်။ စစ်ကောင်စီဘက်က သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးဘူး။”
အာရုဏ်ဦးရွာနဲ့ ကွမ်းတောလမ်းကြားမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် နေအိမ်အတွင်း ထမင်းချက်နေတဲ့ အသက် ၆၀ အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ကျေးရွာအနီးက နေအိမ် ၃ လုံးကိုလည်း မီးရှို့ခဲ့သေးတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့တဲ့ အမျိုးသမီးအတွက် အထူးဝမ်းနည်းကြေကွဲရပါကြောင်း သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
သပိတ်ကျင်းမြို့နယ်မှာ မနက် ၆ နာရီမှ ည ၇ နာရီအတွင်းသာ သွားလာကြဖို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေကို အသွားအလာရှောင်ဖို့၊ အချိန်ကြာပြီး ရပ်နားတာ မပြုလုပ်ဖို့၊ ထုတ်ပြန်ချက်တွေကို လေးစားလိုက်နာပေးဖို့၊ စည်းကမ်းရှိစွာ သွားလာပေးကြဖို့၊ စကစယာဉ်တန်းတွေနဲ့ ကပ်မလိုက်ကြဖို့ တကောင်းမြို့နယ်ပကဖက ထုတ်ပြန်ထားပါတယ်။
တကောင်းမြို့နယ်ပကဖရဲ့ ထောက်ပို့ကား မတော်တဆတိမ်းမှောက်ခဲ့ပြီး ပြန်လည်ပြုပြင်ဖို့ ကျပ် သိန်း ၆၀ ဝန်းကျင် ကုန်ကျမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။