ရှမ်းပြည်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်၊ ခိုတာရွာနားမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ဧပြီ ၃ ရက် ညနေပိုင်းက အသင့်စောင့်ဆိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးတချို့နဲ့ ရိက္ခာတွေ သိမ်းဆည်းရမိခဲ့တယ်လို့ KIA တပ်ရင်း ၁၂ က ပြောပါတယ်။
မဘိမ်းမြို့မှာရှိတဲ့ ခိုတာရွာကို စစ်ကောင်စီတပ်တွေက အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုး ဖို့လာတဲ့အချိန် KIA အမှတ် (၁၂) တပ်ရင်း နဲ့ PDF ပူးပေါင်းအဖွဲ့တွေက အသင့်စောင့်ပြီး ပစ်ခတ်ခဲ့ကြတာဖြစ်ကာ တိုက်ပွဲဖြစ်ပွားတဲ့နေရာကို စစ်ကောင်စီ အခြေစိုက်စခန်းတွေဘက်ကနေ ဧပြီ ၄ ရက်နေ့အထိ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ KIA တပ်ရင်း ၁၂ တာဝန်ရှိသူက ပြောပါတယ်။
လက်နက်ကျသံတွေက အဆက်မပြတ် ကြားနေရပြီး ဒေသခံတွေက ဘာမှယူချိန်မရဘဲ ဘေးလွတ်ရာကိုထွက်ပြေးခဲ့ရကာ အင်အား ၈၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက ၁၇ ယောက်လောက်ပဲ အကောင်းတိုင်း ကျေးရွာထဲကနေ ပြန်လည်ဆုတ်ခွာသွားတာ မြင်လိုက်ရတယ်လို့ ခိုတာရွာမှာ နေထိုင်တဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မဘိမ်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး အခု တိုက်ပွဲဖြစ်ပွားတဲ့နေရာက အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ခိုတာရွာ ဖြစ်ကာ မဘိမ်းမြို့နဲ့ ၄ မိုင်သာကွာဝေးပြီး လက်ရှိမှာတော့ ဒေသခံတွေက ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
အခုတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကိုတော့ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်လေ့မရှိပါဘူး။