စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးတက္ကသိုလ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို Civic Defense Militia - CDM-Siyin အဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်သားတဦးသေပြီး သေနတ်တလက် ရရှိခဲ့တယ်လို့ CDM-Siyin အဖွဲ့ကနေ သိရပါတယ်။
တက္ကသိုလ်မုခ်ပေါက်ဝမှာ ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို ဧပြီ ၄ ရက် မနက်က အသင့်စောင့်ဆိုင်းပြီး ခြုံခိုကာ အလစ်အငိုက် ဝင်တိုက်ခိုက်ခဲ့တာလို့ CDM - Siyin အဖွဲ့က ပြောပါတယ်။
“သူတို့ ကျောင်းထဲကနေ ကျောင်းအပေါက်ဝဂိတ်မှာ ကင်းလာစောင့်နေကြလေ။ ဒါကြောင့် ကျနော်တို့ ကျောင်းဝန်းထဲထိဝင်ပြီး အသင့်စောင့် တိုက်ခိုက်ခဲ့တာ။ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ လောက်ကြာခဲ့တယ်။”
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး မိမိတို့အဖွဲ့က ထိခိုက်ကျဆုံးမှုမရှိဘဲ သေနတ်တလက် ရရှိခဲ့ကာ ကျန်တဲ့တပ်ဖွဲ့ဝင်တွေက ကျောင်းဝင်းထဲ ပြန်ဝင်ပြေးသွားကြတယ်လို့ ဆိုပါတယ်။
အဲ့ဒီပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကလေး-ချင်းပြည်နယ်တက်တဲ့ ကလေး-သိုင်းငင်းလမ်းက ခိုင်ကမ်းစစ်ဆေးရေးဂိတ်ကို ပိတ်လိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ပြတော်လှန်ရေးအင်အားစုတွေက ကလေးမြို့တွင်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖော်ဆောင်လေ့ရှိသလို ကလေးနယ်မြောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ကုန်းကြောင်းကသာမက လေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်နေပါတယ်။