အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာန လက်အောက်ခံ Federal School Of Aung Myay Thar Zan ကျောင်းက ကျောင်းတာဝန်ခံ အပါအဝင် ဆရာ၊ ဆရာမ ၁၅ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဒီနေ့ထုတ် စစ်ကောင်စီ သတင်းစာမှာ ဖော်ပြပါတယ်။
ကျောင်းရဲ့တာဝန်ခံ မအိရွှေစင်မြင့်ကို မတ် ၂၂ ရက်က မန္တလေးမြို့၊ အောင်မြေသာစံမှာရှိတဲ့ သူ့အိမ်မှာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် သင်ကြားရေးဆောင်ရွက်နေတဲ့ ဒေါ်တင်တင်လတ်၊ ဒေါ်စန်းစန်းဝင်း၊ ဒေါ်ခိုင်မာသန်း၊ ဒေါ်နေကြည်ဝင်း၊ ဒေါ်ခင်ကြည်မာဝေ၊ ဒေါ်အေးမြတ်မွန်၊ ဒေါ်ခင်နွယ်ဦး၊ ဒေါ်ခိုင်မာဖြိုး၊ ဒေါ်ယဉ်ယဉ်မင်း၊ ဒေါ်ခင်မြတ်နိုး၊ ဒေါ်အိအိအောင်၊ ဒေါ်ချောစုသန်း၊ ဦးကျော်စန်းထွေးနဲ့ ဦးဇော်မျိုးထွန်းတို့ကို ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။
အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ တိုက်ပွဲဦးဆောင်ကော်မတီမှ ဗဟိုကော်မတီဝင် ကိုနောင်ချိုက “အခုအဖမ်းခံထားရတဲ့ ဆရာ၊ ဆရာမတွေက CDM တွေဖြစ်တယ်။ နောက်တခုက ပြည်သူ့ပညာရေးကျောင်းတွေမှာ ဦးဆောင်နေတဲ့ ဆရာ၊ ဆရာမတွေပါ။ စာသင်လို့ ဆရာ၊ ဆရာမတွေကို ဖမ်းတယ်ဆိုတာ ဒီနိုင်ငံမှာပဲရှိတယ်။ ကျောင်းသား ကျောင်းသူတွေရဲ့ ပညာရေးအတွက် စဉ်ဆက်မပြတ် စာသင်ပေးဖို့ ကြိုစားတဲ့ ဆရာ၊ ဆရာမတွေကို ဖမ်းတယ်ဆိုတာ စစ်ကောင်စီရဲ့ ယုတ်မာမှု၊ တော်လှန်ရေးအင်အားစုကို ဖိနှိပ်မှုအပြင် CDM လှုပ်ရှားမှုတွေကို ပြတ်ပြတ်သားသားနဲ့ စစ်ကောင်စီက လုပ်နေတာဖြစ်တယ်။ စစ်ကောင်စီက တနိုင်ငံလုံးမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနည်းတူ ပညာရေးဘက်က Right to Education ကို မလေးစားဘဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာဖြစ်တယ်” လို့ ပြောပါတယ်။
ကျောင်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အွန်လိုင်းစနစ်နဲ့ သင်ကြားပေးနေတာ ဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားတွေဆီက ကောက်ခံရငွေတွေကို PDF တွေဆီ ထောက်ပံ့တယ် ဆိုပြီး စစ်ကောင်စီပြန်ကြားရေးက စွပ်စွဲထားပါတယ်။
ဒါ့အပြင် ကျောင်းနဲ့ပတ်သက်လို့ ထောက်ပံ့ ပူးပေါင်းနေသူတွေကိုလည်း ဖော်ထုတ် ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ထားပြီး အဲဒီကျောင်းမှာ စာရင်းသွင်း တက်ရောက်စေခဲ့တဲ့ မိဘတွေ၊ ကျောင်းသား ကျောင်းသူတွေကိုပါ ဆက်လက်ဖော်ထုတ်အရေးယူဦးမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်မှာဖွင့်တဲ့ ကျောင်းတွေမှာ မတက်ရောက်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ အွန်လိုင်းကနေဖွင့်တဲ့ ကျောင်းတွေ၊ NUG အစိုးရရဲ့ ပညာရေးဝန်ကြီးဌာနက မြေပြင်မှာဖွင့်လှစ်တဲ့ ကျောင်းတွေမှာ တက်ရောက်နေကြပြီး စစ်ကောင်စီက နည်းမျိုးစုံနဲ့ ဖမ်းဆီးနှောင့်ယှက်နေတာ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ မှ စတင်ကာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ် စတဲ့ဒေသတွေမှာတော့ စစ်ကောင်စီတပ်တွေက စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ အပါအဝင် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေတာကြောင့် ရွာသူရွာသားတွေ စစ်ဘေးရှောင်နေကြရပြီး ကလေးငယ်တွေ ပညာသင်ယူခွင့်တွေ ဆုံးရှုံးနေကြတာ ဖြစ်ပါတယ်။