မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ကနေ မဟာအောင်မြေခရိုင်ထဲ ရောက်သွားတဲ့ ပြည်ကြီးတံခွန်မြို့နယ် ဋ ရပ်ကွက် ၄၅×၄၆ ကြား အပိုင်း ၁ ကနေ ၉ အထိ ပြည်သူတွေရဲ့ နေအိမ်တွေကို ကျူးမြေတွေဆိုပြီး မတ် ၂၃ ရက်ကနေ ဧပြီ ၃ ရက်ထိ စစ်ကောင်စီက ဘူဒိုဇာနဲ့ ဖြိုချဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မျက်မြင်တွေ့သူတဦးက “အရပ်သားအစိုးရလက်ထက်ကတော့ မြို့တော်ကွက်သစ်မြေအဖြစ် သတ်မှတ်ပြီးသားပါ။ ယာဥ်ထိန်းရဲက လမ်းတွေပိတ်ချပစ်ပြီး ၁ ပိုင်းချင်း မထင်ရင် မထင်တဲ့နေရာက စဖျက်တာ။ ဖျက်ပြီးတာနဲ့ ခြံခတ်ပြီး ခေါ်လာတဲ့ ဝယ်လက်ဆီ တန်းရောင်းတာကို မြင်တဲ့သူက မြင်နေတာပဲ” လို့ ပြောပါတယ်။
ဒေသခံတဦးကလည်း “စည်ပင်၊ ရဲ၊ စစ်သားနဲ့ အရပ်ဝတ်စုံဝတ် လူတွေက ဘတ်ဖိုး ၂ စီးနဲ့ဝင်လာတာ။ ကားသေးတွေနဲ့ရော ဝင်လာပြီး အချိန်ဘယ်လောက်သတ်မှတ်ပေးထားထား ၄၅ မိနစ်လောက်ဆိုရင် ဖြိုချပစ်တာ။ ၃ ထပ်တိုက်လို အိမ်ကြီးတွေလည်း ပါတယ်။ တလမ်းမှာ အိမ်ခြေ ၄၅ အိမ်လောက်ရှိပြီး ဖြိုခံရတဲ့အိမ် အတိအကျကိုတော့ မခန့်မှန်းတတ်ဘူး” လို့ ပြောပါတယ်။
ဧပြီ ၃ ရက် ညက ရပ်ကွက်ဥက္ကဋ္ဌနဲ့ သူ့တူကို သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပြီးနောက် မီးဖြတ်ပြီး ဧည့်စာရင်းစစ်တာမျိုးတွေလည်း ရှိခဲ့ပါတယ်။
ဖြိုဖျက်နေချိန်နဲ့ အဲဒီနောက်ပိုင်းမှာလည်း တင်းကျပ်စွာစစ်ဆေးပြီး အသွားအလာ ကန့်သတ်ကာ ဖြိုဖျက်ခံရသူတွေကတော့ နေထိုင်စရာ နေရာတွေကို အပူတပြင်း ရှာဖွေနေရပြီး တချို့က နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ခေတ္တခိုလှုံနေကြပါတယ်။