ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်မှာ ဧပြီ ၅ ရက် မနက်အစောပိုင်းက မြန်မာ့စီးပွားရေးဘဏ်ရှေ့ ဗုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေရှိတဲ့ ဘန်ကာကို မနက် ၇ နာရီလောက်မှာ အဝေးထိန်းစနစ်နဲ့ မိုင်း ၂ လုံး ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
''သူတို့တွေက မနက်တိုင်း ၇ နာရီကို ဘဏ်ကိုလာတော့ သူတို့လာတဲ့အချိန်ကိုစောင့်ပြီး အဝေးထိန်း စနစ်နဲ့ဖောက်ခွဲတိုက်ခိုက်တာပါ။ ဒါပေမဲ့ ဘန်ကာတွေက အခိုင်အမာလုပ်ထားတော့ သူတို့ကို ထိတာမျိုးမရှိဘူး''လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေကို မိုင်း ၂ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပေမယ့် ဘန်ကာတွေ အခိုင်အမာဆောက်ထားတာကြောင့် စစ်ကောင်စီတပ်သားတွေကို မထိခဲ့သလို လမ်းသွားလမ်းလာ အိုဝေတွေကိုသာ အစအနည်းငယ်စင်ခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းပေါက်ကွဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေက လမ်းကို အင်အားအများအပြားနဲ့ ပိတ်ဆို့ စစ်ဆေးခဲ့တာကြောင့် မိုင်း ၁ လုံးထပ်မံတွေ့ရှိခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
မျက်မြင်တွေ့သူတစ်ဦးက ''သူတို့က နောက်တစ်လုံးထပ်တွေ့တာ အစတပ်ထဲ ယူသွားပြီး သူတို့ခွဲဖို့လုပ်တာ မယူသွားလို့ထင်တယ် အဲ့မှာပဲခွဲလိုက်တယ်''လို့ ပြောပါတယ်။
ပုသိမ်မှာ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်တာတွေ ၄ ကြိမ်ထိပြုလုပ်ခဲ့ပေမဲ့ ခုအကြိမ်မှာ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တာဖြစ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွကို တိုက်ခိုက်တာတွေ တော်တော်များများရှိခဲ့ပေမယ့် ၂၀၂၃ ခုနှစ်ထဲမှာ ဒါဟာ ပထမဆုံးအကြိမ် စစ်ကောင်စီတပ်သားတွေကို ဗုံးခွဲတိုက်ခိုက်တာလို့ ဆိုပါတယ်။