ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်မှာ ဧပြီ ၃ ရက်က ရိုးမဟာရွာ၊ မနီကုန်းအပိုင်းကို စစ်ကောင်စီတပ်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ ဦး ကျဉ်ဆန်ထိမှန် သေဆုံးခဲ့တယ် ဒေသခံတွေထံက သိရပါတယ်။
မနေ့ မနက် ၈ နာရီလောက်က စစ်ကောင်စီသားတွေဟာ တိုက်ပွဲမဖြစ်ဘဲ ကျေးရွာအတွင်းကို လက်နက်ငယ်တွေနဲ့ ပစ်ခတ် ဝင်ရောက်လာတာကြောင့် အိမ်ရှေ့ ဆိုင်ကယ်ပြင်ဆိုင်ထဲမှာရှိနေတဲ့ ကလေးငယ်တစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ကျေးရွာသူတဦး ကပြောပါတယ်။
"ရွာထဲကိုဝင်လာတဲ့အချိန် သေနတ်တွေနဲ့ပစ်တော့ အကုန်လုံးကပြေးပုန်းကြတယ်။ ဘယ်တပ်ကမှန်းမသိလိုက်ဘူး။ ကလေးက အပြင်သွားနေတဲ့ သူ့အဖေကို ဆိုင်ထဲမှာ ထိုင်စောင့်နေရင်း စစ်ခွေးတွေက ရမ်းသန်းပစ်တော့ထိသွားတာ။”
ပစ်ခတ်မှုကြောင့် အသက် ၁၂ နှစ် အရွယ် စောဝေသာလီထွန်းဟာ ပေါင်မှာ ကျည်ထိမှန်ခဲ့တဲ့ ဒဏ်ရာကြောင့် ဆေးရုံကို ပို့ဆောင်ခဲ့ပေမဲ့ လမ်းမှာပဲ သေဆုံးသွားခဲ့ပါတယ်။
ဧပြီ ၂ ရက် ညနေ ၆ နာရီဝန်းကျင်မှာလည်း ငါးတိုင်ရေပူကျေးရွာကို ခမရ ၅၄၆ တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အမျိုးသမီးကြီးတယောက် ဗိုက်မှာဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရပါတယ်။
ကရင်ပြည်နယ်မှာ ၂၀၂၁ ခုနှစ် မှ ၂၀၂၃ ခုနှစ် မတ်လအထိ စစ်ဘေးရှောင်ဦးရေ ၅ သိန်းကျော်ရှိပြီး တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသူ ၈၄၁ ဦးနဲ့ သေဆုံးသူ ၅၂၂ ဦးထိ ရှိလာပြီးဖြစ်တယ်လို့ Karen Women’s Organization−KWO ရဲ့ စာရင်းတွေအရ သိရပါတယ်။