ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဆ/သုမင်္ဂလာရပ်ကွက်၊ ဝေဇယန္တာလမ်းမပေါ် သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းရှေ့မှာ ဧပြီ ၃ ရက်၊ ည ၁၁ နာရီ ၂၁ မိနစ်ခန့်က Honda Fit ယာဉ်တစ်စီးတိမ်းမှောက်ခဲ့ပါတယ်။
ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား နှစ်ယောက် ပွဲချင်ပြီး သေဆုံးခဲ့ပြီး အမျိုးသမီး တယောက် ထိခိုက်ဒဏ်ရာရခဲ့ကာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်လို့ သိရပါတယ်။
Medical လူငယ်များလူမှုကူညီရေးအသင်း တာဝန်ရှိသူက “ကားက အရှိန်လည်းများတယ်။ လမ်းဘေးပလက်ဖောင်းကို တိုက်မိတာ လေပေါ်မှာပဲ နှစ်ပတ် လောက်လည်ပြီး မှောက်ခုံ ပြန်ကျတာ ကားကပက်လက် အနေအထားပေါ့။ အမျိုးသမီးက ကားပေါ်မှ လွင့်စင်ခဲ့ပြီး အမျိုးသား နှစ်ဦးက ကားထဲမှာ ညှပ်နေတာ။ ယာဉ်မောင်းက အသက် ၁၉ နှစ်၊ ကျန်တစ်ယောက်က ၂၈ နှစ် အမျိုးသားနှစ်ဦးလုံးက နေရာပဲ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဆရာဝန်က အတည်ပြုခဲ့တယ်”လို့ ပြောပါတယ်။
ယာဉ်တိုက်မှုမှာ သေဆုံးခဲ့တဲ့ အမျိုးသား နှစ်ယောက်ရဲ့အလောင်းနဲ့ ဒဏ်ရာရ အမျိုးသမီးတို့ကို Medical လူငယ်များလူမှုကူညီရေးအသင်း၊ ရန်ကင်းပရဟိတ လူငယ်အသင်းနဲ့ ရွှေရောင် တွဲလက် လူမူကူညီရေးအသင်းများ စုပေါင်းပြီး သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင် ပေးခဲ့ပါတယ်။