Home
မြန်မာသတင်း
မင်းဘူးတွင် ရွှေစက်တော်ဘုရားဖူးကား မှောက်ပြီး အမျိုးသမီး ၁ ဦးသေဆုံး၊ ‌၉ ဦးဒဏ်ရာရ
DVB
·
April 12, 2024
CarAccident_12042024

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ ဧပြီ ၁၂ ရက်က ‌ရွှေစက်တော်ဘုရားဖူးကား တိမ်းမှောက်ခဲ့တာကြောင့် အမျိုးသမီးတဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်လူမှုကယ်ဆယ်ရေးအသင်းထံက သိရပါတယ်။

ရွှေစက်တော်ဘုရားဖူးပြီး ပြန်လာတဲ့ Nissan Extracap ယာဉ်ဟာ ဧပြီ ၁၂ ရက် နေ့လယ် ၂ နာရီကျော်က မင်းဘူးမြို့နယ် မင်းဘူး-ရွှေစက်တော်ကားလမ်း လေးပင်ရွာအနီး ၁၀ မိုင် ၄ ဖာလုံမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ပါတယ်။

ယာဉ်တိမ်းမှုကြောင့် ယာဉ်ပေါ်ပါလာတဲ့ ၁၀ ဦးထဲက အမျိုးသမီးတဦး နေရာမှာပဲ သေဆုံးခဲ့ပြီး ကလေး ၃ ဦး အပါအဝင် ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မြေပြင်လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက “ဘုရားဖူးက ပြန်လာရင်း‌ အရှိန်မထိန်းနိုင်ဘဲ မှောက်တာ။ အမျိုးသမီးတဦးသေပြီး ၉ ဦး ဒဏ်ရာရတယ်။ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသားတဦးက စိုးရိမ်ဒဏ်ရာရပါတယ်။ ကျန်တာကတော့ ပွန်းပဲ့ဒဏ်ရာပဲရတယ်” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို မင်းဘူး (ဗြဟ္မစိုရ်) နာရေးကူညီမှုအသင်းနဲ့ ဇီအိုင်ရွာ လူမှုကူညီရေးအသင်းတို့က မင်းဘူးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၇ ရက်ကလည်း မင်းဘူးမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းမပေါ်မှာ ‌ရွှေစက်တော်ဘုရားဖူးပြီး ပြန်လာတဲ့ လိုက်ထရပ်ကား စလစ်ဖြစ်ပြီး တိမ်းမှောက်ခဲ့တာကြောင့် အမျိုးသား ၁၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013