ပြီးခဲ့တဲ့ မတ်လအတွင်း ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ တိုက်ပွဲအကြိမ်ရေ ၁၀၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂၈၁ ယောက်သေဆုံးကာ အယောက် ၈၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားတဲ့ မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှု ၆၆ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပင်လောင်း၊ ဖယ်ခုံ နယ်စပ်တိုက်ပွဲတွေနဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ ဘက်ခြမ်း တိုက်ပွဲတွေအတွင်း အများဆုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ မီးရှို့မှု၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုနဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူနေအိမ် ၂၂၈ လုံး မီးလောင်ပျက်စီးခဲ့ပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်းနဲ့ စာသင်ကျောင်း ၃ ကျောင်း ထိခိုက်ပျက်စီးခဲ့တဲ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅ ယောက် သေဆုံးခဲ့ရတယ်လို့ KNDF က ပြောပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ သံဃာတော် ၃ ပါးအပါအဝင် အရပ်သားပြည်သူ ၂၅ ယောက်ကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကာ လေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီးထိမှန်လို့ အရပ်သားပြည်သူ ၂၉ ယောက် ထိခိုက်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
မတ် တလတာအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ယောက်ကို အရှင်ဖမ်းမိသလို စစ်ကြောင်းထိုးချိန်အတွင်း ခလရ(၁၂) က ဆက်သွယ်ရေးဒုတပ်ကြပ်တယောက်က MA-3 သေနတ် တလက်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေဆီ လာရောက်ခိုလှုံခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီဟာ ကရင်နီပြည်နယ်အတွင်း လူအင်အားဖြည့်တင်းတာ၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာြဖည့်တင်းတာတွေအပြင် တိုက်ပွဲအတွင်း ဒဏ်ရာရတပ်သားတွေကို သယ်ယူတာတွေအတွက် စစ်သုံး ရဟတ်ယာဉ်တွေကို အဓိကထား အသုံးပြုခဲ့ပြီး တလတာအတွင်း ကရင်နီပြည်နယ်အတွင်းရှိ မြို့နယ်တွေကို ရဟတ်ယာဉ်နဲ့ ဖြတ်ကျော်ပျံသန်းမှုအကြိမ်ရေ ၅၂ ကြိမ်နဲ့အထက် ပျံသန်းသွားလာခဲ့တယ်လို့ ဆိုပါ တယ်။
တလတာ တိုက်ပွဲတွေအတွင်းမှာတော့ KNDF ဘက်က ရဲဘော် ၁၂ ယောက် မြင့်မြတ်စွာကျဆုံးခဲ့ရပြီး တိုင်းပြည်အတွက်အသက်ပေးလှူခဲ့တဲ့ အဆိုပါ ရဲဘော်တွေအပါအဝင် မဟာမိတ် တပ်ဖွဲ့တွေက ရဲဘော်တွေကို လည်း အာဇာနည်သူရဲကောင်းတွေအဖြစ် အစဉ်အမြဲလေးစား မှတ်တမ်းတင်အပ်ကြောင်းလည်း ဖော်ပြထားပါတယ်။
လက်နက်သိမ်းဆည်းရရှိမှုအနေနဲ့ မတ်လတလတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေဆီက လက်နက်ငယ် ၅၁ လက်၊ လက်နက်ကြီး ၉ လက်နဲ့ ခဲယမ်းတွေအပါအဝင် ဆက်သွယ်ရေး စက် တွေကိုလည်း သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်တွေဟာ ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းကို စစ်ကြောင်းထိုးနေကာ ထိတွေ့တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။