တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်မှာ မတ် ၂၅ ရက်နဲ့ ၂၆ ရက်တွေက စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီး ထိန်းသိမ်းတာခံထားရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင် အရပ်သား ၁၀ ယောက်ထဲက ၅ ယောက် ပြန်လွတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ် ၂၇ ရက်နဲ့ မတ်လ ၃၀ ရက်က ၅ ယောက်ကို စစ်ကြောမေးမြန်းပြီးနောက် ပြန်လွှတ်ပေးခဲ့ပြီး ပြန်လွတ်လာသူတွေထဲမှာ အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ပါဝင်တယ်လို့ သိရပါတယ်။
ဒေသခံ တဦးက “ခံဝန်နဲ့ ပြန်လွှတ်ပေးတာပါ။ အရပ်သား ၅ ယောက် ကျန်ပါသေးတယ်”လို့ ပြောပါတယ်။
ဘာဖြစ်လို့ဖမ်းတာလဲဆိုတာတော့ မသိရသေးသလို ပြန်မလွတ်ဘဲ ကျန်ရစ်တဲ့သူတွေကတော့ စစ်ဆေးခံနေရဆဲလို့သိရပါတယ်။
ကျန်ခဲ့တဲ့ အရပ်သား ၅ ယောက်အနက် အမျိုးသား ၂ ယောက် နဲ့ အမျိုးသမီး ၁ ယောက်ဟာ သတင်းအစအန ပျောက်နေပြီး လသားကလေးနဲ့ မိခင်ရယ်၊ အမျိုးသား တယောက်ရယ်ကိုတော့ ခမရ ၄၃၂မှာ ဆေးကုပေးနေတယ်လို့ သိရပါတယ်။
ဘုတ်ပြင်းမြို့နယ်ထဲက စစ်ဆေးရေးဂိတ်တခုမှာ စစ်တပ်က ကော့သောင်းမှ ဘုတ်ပြင်းကိုလာတဲ့ အမျိုးသား၂ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ ၄၅ ရက်သားအရွယ် ကလေးတဦးတို့ကို မတ် ၂၅ ရက်က ဖမ်းဆီးခဲ့ပြီး မတ် ၂၆ ရက်မှာလည်း ဘုတ်ပြင်းမြို့ထဲက အမျိုးသား ၄ ဦးကိုပါ ထပ်မံ ဖမ်းဆီးခဲ့တာပါ။