စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့မှာ ဧပြီ ၂ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် လူနေအိမ်အများအပြား ထိခိုက်ပျက်စီးသွားပါတယ်။
လေပြင်းတိုက်ခိုက်ခဲ့တဲ့အတွက် မော်လူးမြို့မှာရှိတဲ့ လူနေအိမ်နဲ့ ကျောင်းတွေ အမိုးလန်တာ၊ ပြိုလဲပျက်စီးတာ၊ လမ်းဘေးဓာတ်တိုင်တွေ ပြိုလဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မင်းရာဇာရပ်ကွက်မှာ နေထိုင်သူတဦးက “ညနေ ၄ နာရီလောက်က လေပြင်းစတိုက်တာ၊ အတော်ကြမ်းတယ်။ လေပြင်းတိုက်လို့ ယိုင်သွားတဲ့အိမ်တွေ၊ အမိုးလန်သွားတဲ့အိမ်တွေ အတော်များတယ်။ ကျနော်တို့ရပ်ကွက်က စာသင်ကျောင်းဆို အမိုးလန်သွားတယ်။ တခြားရပ်ကွက်တွေက အိမ်တွေလည်း အမိုးလန်တာ အများကြီးပဲ။ အမိုးလန်တာ၊ အိမ်ယိုင်သွားတာ အားလုံးဆို ၄၀ လောက်ရှိမယ်။ ဓာတ်တိုင်တွေလည်း လဲတာပဲ” လို့ ပြောပါတယ်။
လေပြင်းတိုက်ခိုက်ခဲ့တဲ့အတွက် မော်လူးမြို့ အနီးနားက ကျေးရွာတွေဖြစ်တဲ့ ဟဲနူ၊ ကရင်၊ အုန်းဒုတ်၊ မင်းသာ ကျေးရွာတွေမှာလည်း လူနေအိမ်တွေ ပျက်စီးခဲ့ပါတယ်။
မော်လူးမြို့ဟာ ရွှေဘို-မြစ်ကြီးနား ကားလမ်းမကြီးဘေးမှာ တည်ရှိပြီး အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့အတွက် ၂၀၁၈ ခုနှစ် မေလ ၁၀ ရက်က မြို့အဖြစ် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။