ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သရက်ချဉ်ရွာ လောင်းကစားဝိုင်းကနေ လိုင်းကြေးကောက်ပြီး ပြန်လာတဲ့ ပေါင်းတည်မြို့မရဲစခန်းမှူးနဲ့အဖွဲ့ ဧပြီ ၂ ရက်က လမ်းခရီးမှာ တိုက်ခိုက်ခံရတယ်လို့ ဒေသခံထံက သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် ပေါင်းတည်မြို့မရဲစခန်းမှူး အပါအဝင် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုရှိမရှိတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
နတ်ပုတီးကျေးရွာသားတယောက်က “ပေါင်းတည်မြို့နယ် တနယ်လုံးထဲက ရွာတွေမှာ အလှည့်ကျနဲ့လုပ်နေတာ။ ဂျင်ဝိုင်း၊ ဂျုံးဂျုံးကျ၊ ဖဲဝိုင်းတွေက ရက်ရှည်လုပ်ချင်တဲ့ အဖွဲ့တွေကြတော့ ဘုရားပွဲလေးဘာလေး အကြောင်းပြလုပ်ပေါ့။ အခု သရက်ချဉ်ရွာမှာလည်း ဘုရားပွဲလုပ်တယ်။ အဲ့ဒီမှာ လောင်းကစားထည့်တယ်။ အဲ့ဒီအတွက် ပေါင်းတည်ရဲစခန်းတွေက လုံခြုံရေးယူပေးရတယ်။ လိုင်းကြေးတော့ ပေးရတာပေါ့။ အခု အဲ့ဒီကနေ လိုင်းကြေးယူသောက်စားပြီး ဆိုင်ကယ် ၅ စီး၊ ရဲ ၇ ယောက်၊ ပြန်လာတဲ့ မြို့မရဲစခန်းမှူးနဲ့အဖွဲ့ကို ည ၉ နာရီလောက်မှာ နတ်ပုတီးရွာနဲ့ သရက်ချဉ်ရွာကြားလမ်းမပေါ်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သွားတာ။ စခန်းမှူး အပါအဝင် ထိခိုက်ဒဏ်ရာတွေတော့ အနည်းဆုံးဖြစ်သွားတယ်” လို့ ပြောပါတယ်။
ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) တပ်ရင်း-၃၆၀၁၊ တပ်ခွဲ-၃ နဲ့ တပ်ခွဲ-၄ တို့က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
PPDF တပ်ရင်း-၃၆၀၁ ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက “အခုက ပြည်သူတွေကို လောင်းကစားဘက်ကို လှည့်ထားတာ။ PDF မဖြစ်ရင် ပြီးရောဆိုပြီး တနယ်လုံးကလူတွေကို လောင်းကစားသမားတွေဖြစ်အောင် လုပ်ထားတာ။ အခုဆိုရင် ကျွဲတလင်း၊ ဥနှဲစမ်း၊ ပဒင်းပင်၊ ချောက်လုံးပြူး၊ မှန်တန်း၊ ကျွှဲတဲကြီး စတဲ့ရွာတွေမှာလည်း အလှည့်ကျလုပ်တယ်။ အခုဟာကလည်း လယ်ပြင်က ရွာဘုရားသေးသေးလေးကို ဘုရားပွဲလုပ်တာ။ အဲ့ဒါကို သတင်းကြိုရနေလို့ လမ်းကနေစောင့်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသွားတဲ့ ရဲ ၃ ယောက်ကို သရက်ချဉ်ရွာက ကျန်းမာရေး ကူညီစောင့်ရှောက်မှုကားနဲ့ ပြည်ဆေးရုံကြီးကိုအရေးပေါ် သယ်ဆောင်သွားပြီး ရဲစခန်း အဝင်အထွက်တွေပါ တင်းကျပ်ထားတယ်လို့ ပေါင်းတည်ရဲစခန်းအနီး နေသူတယောက်ထံက သိရပါတယ်။
အခုလို တိုက်ပွဲသတင်းတွေ၊ ထိခိုက်သေဆုံးမှု သတင်းတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ဖြေကြားလေ့မရှိသလို သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး။