အီလက်ထရောနစ် မှတ်ပုံတင် e-ID ပြုလုပ်ဖို့အတွက်လိုအပ်တဲ့ နိုင်ငံသားတဦးချင်းရဲ့ Biometric Data ဇီဝဆိုင်ရာအချက်အလက်တွေကို နေပြည်တော်မှာ စတင်ကောက်ယူတော့မှာဖြစ်တယ်လို့ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနက ကြေညာပါတယ်။
၂၀၂၂ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၃ နှစ်ဦးပိုင်းတို့တုန်းကလည်း လူဦးရေသန်းခေါင်စာရင်း ကောက်ယူနိုင်ဖို့ဆိုပြီး နေပြည်တော်အတွင်း တအိမ်တက်ဆင်း စာရင်းကောက်ယူခဲ့သလို အခုလည်း E-ID စနစ်အတွက် စာရင်းလိုက်ကောက်ဖို့ ရှိနေတာပါ။
မြန်မာနိုင်ငံအတွင်းနေထိုင်သူအားလုံးကို ဂဏန်း ၁၀ လုံးပါ Unique Identity ထုတ်ပေးရေးနဲ့ National Identity ထုတ်ပေးရေးအတွက် ပြည်ထောင်စုနယ်မြေတစ်ခုလုံးကို Biometric Data ကောက်ယူတဲ့လုပ်ငန်းစဉ်ကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဧပြီ ၃ ရက် ထုတ်ပြန်မှာ ဖော်ပြပါတယ်။
နေပြည်တော်နယ်မြေအတွင်းနေထိုင်သူအားလုံးကို ကောက်ယူသွားမှာဖြစ်ပြီး အသက် ၁၀ နှစ်နဲ့အထက် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာတော့ ဘယ်အချိန်မှာ Biometric Data တွေ ကောက်ယူမယ်ဆိုတာတော့ မသိရသေးပါဘူး။