မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာနယ်မြေရဲစခန်း တိုက်ပွဲမှာ ရဲစခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၄၅ ယောက်သေဆုံးကာ PDF ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ Hyper UAV Force ဒရုန်းတပ်ဖွဲ့က ဧပြီ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ကန်ရွာနယ်မြေရဲစခန်းကို မတ်လ ၃၁ ရက် မနက် ၅ နာရီလောက်ကစပြီး ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းကာ လက်နက်ကြီး လက်နက်ငယ်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ရဲစခန်းအဆောက်အဦတွေကို ၇၅ ရာခိုင်နှုန်းလောက် မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ Hyper UAV Force ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၄၅ ယောက်သေဆုံးပြီး ၁၀ ယောက်လောက် ဒဏ်ရာရရှိသလို PDF ရဲဘော် ၂ ယောက် ကျဆုံးပြီး နင်းမိုင်းမိလို့ ရဲဘော် ၁ ယောက် ခြေတဖက်ပြတ်ထွက်သွားကာ ၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ရဲစခန်းတခုလုံးကို သိမ်းပိုက်ရရှိကာနီးမှာ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဥ် ၁ စီး၊ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဥ် ၂ စီးနဲ့ မနက် ၁၀ နာရီလောက်မှာ လေကြောင်းကနေ ပစ်ကူပေးပြီး မြေပြင်စစ်ကူတွေပါ လိုက်လာလို့ တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး စခန်းမသိမ်းပိုက်နိုင်ခဲ့ဘူး။”
အဲဒီတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် အမှတ် ၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉ တပ်ရင်းတွေ၊ ABSDF၊ ပကဖ အဖွဲ့တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲဖြစ်ပွားတဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေက ဒေသခံပြည်သူ ထောင်နဲ့ချီ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရကာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘဲ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့မှာလည်း ဧပြီ ၂ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီကား ၁ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ကနေ သိရပါတယ်။
ရေစကြိုမြို့၊ အမှတ် ၃ ရပ်ကွက်၊ နဂါးရုံဘုရားနားမှာ မနေ့က ဧပြီ ၂ ရက် မွန်းလွဲ ၂ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ အိမ်စီးကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ရေစကြို ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က အများအပြား ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူ အရေအတွက်နဲ့ သေဆုံးသူ ရှိ၊ မရှိ ဆိုတာကိုတော့ အတိအကျ မသိရသေးလို့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
ရေစကြိုမြို့မှာ ဧပြီ ၁ ရက် မွန်းလွဲပိုင်းကလည်း စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ကနေ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။