မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု)မြို့နယ်၊ ခင်ကုန်းကျေးရွာမှာ ဧပြီ ၂ ရက် မနက် ၁၁ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် ၃၂ လုံး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီရွာမှာနေတဲ့ ဦးဝေဖြိုးအောင်တို့ လင်မယားနှစ်ယောက် အချင်းချင်း စကားများ ရန်ဖြစ်ကြရင်းနဲ့ ယောက်ျားလုပ်သူက သူ့ကိုယ်သူ ဓာတ်ဆီလောင်း မီးရှို့သတ်သေဖို့လုပ်ရင်း ရုန်းရင်းဆန်ခတ်ဖြစ်ကာ သူတို့အိမ် မီးစလောင်မှုဖြစ်ပွားပြီး တခြားအိမ် ၃၁ လုံးထိ မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။
မီးလောင်တဲ့နေရာကို မင်းဘူး၊ စကု၊ ထောက်ရှာပင်၊ ပွင့်ဖြူ၊ လယ်ကိုင်းနဲ့ ကျောင်းတော်ရာ နယ်မြေမီးသတ်စခန်းတွေက မီးသတ်ယာဉ် ၆ စီး၊ မီးသတ်ရေသယ်ယာဉ် ၆ စီးတို့နဲ့အတူ ကျေးရွာနေပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့လို့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်မှာ မီးငြှိမ်းသွားတယ်လို့ ဒေသခံ မီးသတ်ဦးစီးဌာနမှ သိရပါတယ်။
မီးလောင်မှုကြောင့် လူနေအိမ် ၃၂ လုံးနဲ့ နွားတင်းကုပ် ၁၁ လုံး၊ လက်တွန်းထွန်စက် ၁ စီး၊ ဆိုင်ကယ် ၁ စီးနဲ့ စပါးတင်း ၃၀၀ မီးကူးဆက်လောင်ကျွမ်းခဲ့ပြီး ကာလတန်ဖိုး ငွေကျပ် သိန်း ၆၈,၆၂၄,၀၀၀ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကာ မိမိကိုယ်ကို မီးရှို့ဖို့ ကြံစည်တဲ့ အမျိုးသားတဦး မီးလောင်ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူနေကာ အိမ်ထောင်စု ၃၄ စုက အိမ်ခြေ ၃၂ လုံး၊ လူဦးရေ ၁၄၈ ဦး မီးဘေးသင့်ခဲ့ရကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းက ပြောပါတယ်။
မီးလောင်မှုနဲ့ပတ်သက်ပြီး မိမိကိုယ်ကို သေကြောင်းကြံစည်ရင်း မီးလောင်မှုဖြစ်ပွားစေခဲ့တဲ့ ဦးဝေဖြိုးအောင်ကို စကုနယ်မြေရဲစခန်းမှာ (ပ)၂၂/၂၀၂၃ ရာဇသတ်ကြီးဥပဒေပုဒ်မ-၄၃၆/၃၀၉ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။