ပဲခူးမြို့နယ်ထဲက ဆပ်အင်းကျေးရွာနဲ့ အလိုင်နီကျေးရွာတွေမှာ လျှပ်စစ်မီးရရှိရေးအတွက် ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တအိမ်ကို ငွေကျပ် ၁၀ သိန်းထိ ကောက်ခံနေပေမဲ့ ၂ ရွာပေါင်း အိမ်ခြေ ၁၅၀ လောက်ရှိတဲ့အထဲမှာ အိမ် ၃၀ လောက်ပဲ လျှပ်စစ်မီးရတယ်လို့ အလိုင်နီကျေးရွာ ရွာခံတဦးက ပြောပါတယ်။
အရင် အရပ်သားအစိုးရလက်ထက်တုန်းက လျှပ်စစ်မီးရရှိရေးအတွက် ကျေးရွာမီးလင်းရေး ကော်မတီကို တအိမ် ငွေကျပ် ၃ သိန်း ပေးခဲ့ရပြီး ရွာထဲကို ဓာတ်တိုင်နဲ့ မီးကြိုးတွေ ရောက်နေပေမဲ့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက လျှပ်စစ်မီးယူချင်ရင် အရင်ပေးထားတဲ့ ကျပ် ၃ သိန်းအပြင် နောက်ထပ် ၁၀ သိန်း ပေးရမယ်လို့ တောင်းနေတာကြောင့် လျှပ်စစ်မီးရဖို့အတွက် အခက်အခဲတွေ ရှိနေတယ်လို့ ဆပ်အင်းရွာခံတဦးက ဆိုပါတယ်။
အဆိုပါ ထပ်မံကောက်ခံတဲ့ ငွေကျပ် ၁၀ သိန်းဟာ မိမိတို့ဆုံးဖြတ်ချက်နဲ့ ကိုယ်ကျိုးစီးပွားအတွက် တောင်းတာမဟုတ်ဘဲ ပဲခူးမြို့ လျှပ်စစ်အင်ဂျင်နီယာရုံးက တာဝန်ရှိသူတွေက ကောက်ခံခိုင်းလို့ အခုလို ထပ်တောင်းရတာလို့ အမည်မဖော်လိုတဲ့ ဆယ်အိမ်မှူးတဦးက ပြောပါတယ်။
ဒါ့အပြင် လျှပ်စစ်မီးယူထားတဲ့ အိမ်တွေမှာလည်း မီတာပုံးတပ်ဆင်ခ နောက်ထပ် ငွေ ၂ သိန်းကို မီးလာဆင်ပေးတဲ့ လျှပ်စစ်ဌာနက ဝန်ထမ်းတွေဆီ ထပ်ပေးရပြီး တနေ့ကို ၄ နာရီလောက်သာ မီးလာပေမဲ့ တလကို မီတာခ ၄၀,၀၀၀ ကျော်ထိ ပေးနေရကြောင်း လျှပ်စစ်မီးယူထားတဲ့ ဒေသခံတဦးက ပြောပါတယ်။
ပဲခူးမြို့နယ်ထဲက လျှပ်စစ်မီးမရရှိသေးတဲ့ ကျေးရွာတွေကို ပဲခူးတိုင်း စစ်ကောင်စီက တရွာကို ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ကျပ် ၂၄၃ သိန်း အကုန်ကျခံကာ ပြည်သူတွေ လျှပ်စစ်မီးရဖို့အတွက် ဆောင်ရွက်ပေးနေတယ်လို့ ထုတ်ပြန်ထားပေမဲ့ လက်တွေ့မှာတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ မြို့နယ်လျှပ်စစ်ရုံးတွေက ငွေကြေးကောက်ခံနေတာ ဖြစ်ပါတယ်။