ကချင်ပြည်နယ်၊ ရွှေကူမြို့ရှိ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင် အယောက် ၄၀ ထက်မနည်းကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခုန်ခမ်း၊ ရေဝန်းနဲ့ ဘုန်းကြီးကျောင်းတချို့မှာ စစ်ရှောင်လာကြတဲ့သူတွေထဲက အယောက် ၄၀ ထက်မနည်းကို မတ် ၃၀ ရက်နဲ့ ဧပြီ ၁ ရက် ညနေပိုင်းတွေမှာ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ရွှေကူမြို့ခံ တဦးက “အိမ်စီးကားတွေနဲ့ စစ်တပ်နဲ့ ရဲ ၂၀ ကျော်လောက်ရှိမယ်။ နေရပ်ပြန်ဖို့ ဖိအား လာပေးကြတာ။ သူတို့ မသင်္ကာတဲ့ စစ်ရှောင်ဆိုတဲ့ အမျိုးသား၊ အမျိုးသမီး တချို့ကိုလည်း ဖမ်းသွားတယ်”လို့ ဆိုပါတယ်။
တချို့ကတော့ကြောက်လို့ နေရပ် မပြန်ရဲကြသေးဘဲရှိနေပြီး ငွေကြေးတတ်နိုင်သူတွေက မြို့ထဲ အိမ် ငှားရမ်းနေထိုင်ကြသလို တချို့ ငွေကြေး မတတ်နိုင်သူတွေက ဖြစ်သလိုနေ နေကြရတယ်လို့ သိရပါတယ်။
လတ်တလော မံစီမြို့နယ်ထဲက သံတံတား၊ မံသာကျေးရွာတွေဘက် စစ်တပ်က စစ်ဆင်ရေး ဝင်နေတယ်လို့ သိရပြီး တိုက်ပွဲဖြစ်မယ့် အခြေအနေတွေကြောင့် ဒေသခံတွေ စိုးရိမ်နေရတယ်လို့ သိရပါတယ်။
ရွှေကူမြို့နယ်အရှေ့ဘက်ခြမ်း ကျေးရွာများဖြစ်သည့် စီမူလေး၊စီမူကြီးနဲ့ စီသောင်ဘက်မှာ မတ် ၃၀ နဲ့ ၃၁ ရက်က စစ်တပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် စီမူလေးရွားက နေအိမ် ၁၀၀ မီးလောင် ပြာကျခဲ့သလို လူ ရာချီ စစ်ဘေးရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
ဧပြီ ၂ ရက်အခြေအနေအရ စစ်ရေးတင်းမာနေဆဲပြီး ဖမ်းဆီးခံရတဲ့သူတွေ လွတ်လာတာ မကြား သေးဘူးလို့ ဒေသခံ တဦးက ပြောပါတယ်။