ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်ခမောက် ကျေးရွာအနီး ရှောက်ချောင်းဖျားမှာ အရှည် ၂၆ ပေလောက်ရှိတဲ့ ဝေလငါးမန်း (Whale Shark) အမျိုးအစားငါးကြီးတကောင် ဧပြီ ၁ ရက် ညနေပိုင်းမှာ သောင်တင်သေဆုံးနေတာ တွေ့ရတယ်လို့ ဒေသခံတွက ပြောပါတယ်။
ကျောက်ဖြူမြို့ကနေ ၁၈ မိုင်ခန့် ဝေးကွာတဲ့ ကျောက်ခမောက်ကျေးရွာနဲ့ တစ်မိုင်ခန့်အကွာ ရှောက်ချောင်းချောင်းဖျား၊(ဒေသအခေါ်)ပါးစပ်ချောင်းဖျားရှိ ကမ်းစပ်တနေရာမှာတွေ့ ရှိခဲ့ကြတာလို့ ကျောက်ခမောင်းကျေးရွာသားတွေက ပြောပါတယ်။
ဒေသခံတဦးက "ငါးကြီးက ချောင်းကြားထဲမှာ ဝင်ပြီးသေနေတာဘယ်လိုလုပ်ပြီး ဒီလောက်ငါးကြီး ချောင်းကြားထဲ ရောက်လာက ဒီရေအတက်မှာ ရောက်လာပြီး ဒီရေအကျမှာဆင်းမရဘဲ တင်ကျန်ပြီးသေဆုံးသွား ရတာဖြစ်နိုင်တယ်ဗျ။ သိတဲ့လူတွေကတော့ ဝေလငါးမန်းမျိုး လိုပြောကြတယ်” လို့ ပြောပါတယ်။
သောင်တင်ပြီးသေဆုံးနေတဲ့ဝေလငါးမန်းကြီးဟာ အရှည် ၂၆ ပေလောက်နဲ့ လုံးပတ်မှာ ၁၀ ပေလောက် ရှိပြီး သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနတာဝန်ရှိသူတွေ မနေ့ညအထိ လာရောက်ကြည့်ရှုစစ်ဆေးတာ မရှိသေးပါဘူး။
သေဆုံးနေတဲ့ ငါးကြီးကို ကျေးရွာသားတွေက ကျောက်ခမောက်ကျေးရွာသို့ စက်လှေမှာ ကြိုးနဲ့ ချည်နှောင်တွဲယူ သယ်ဆောင်လာခဲ့ကြပြီး ရွာအနီးချောင်းစပ်မှာ ထားရှိတယ်လို့ ရွာသားတွေထံက သိရပါတယ်။
ရခိုင်ပြည်နယ်ရှိ ပင်လယ်ကမ်းခြေမှာ အခုလို ဝေလငါးအသေတွေ မကြာခဏလာရောက် သောင်တင်ပြီးသေဆုံးလေ့ရှိခဲ့ဖူးပါတယ်။
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကလည်း မာန်အောင်မြို့နယ်မှာ အလျား ၄၃ ပေလောက်ရှိတဲ့ ပုပ်ပွနေတဲ့ ဝေလငါးသေတကောင်တွေ့ရှိခဲ့သလို ၂၀၂၀ ဇန်နဝါရီလကလည်း မောင်တောမြို့နယ် အလယ်သံကျော် ကမ်းခြေအနီး ဝေလငါးတကောင် သောင်တင်သေဆုံးခဲ့ပါတယ်။
ဓာတ်ပုံ- ကိုမျိုးလွင်