Home
မြန်မာသတင်း
မုံရွာစစ်တပ်စစ်ဆေးရေးဂိတ်နှင့် ဆားလင်းကြီးက စစ်ကောင်စီတပ် စက်လှေ ၂ စီး တိုက်ခိုက်ခံရ
DVB
·
April 1, 2023
000000

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မတ် ၃၁ ရက် မွန်းလွဲပိုင်းက စစ်တပ် စစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ မုံရွာ ခရိုင်တပ်ရင်း(၄)၊ တပ်ခွဲ(၃) Night King PDF က သိရပါတယ်။

မြဝတီရပ်ကွက်ရုံး စစ်ဆေးရေးဂိတ်ကို မနေ့ မွန်းလွဲ ၂ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အလစ်အငိုက်တိုက်ခိုက်ခဲ့ကြတာလို့ မုံရွာ Night King PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်တပ်က ၃ ယောက် သေဆုံးခဲ့ပြီး မုံရွာမြို့က ပြည်သူလူထုတွေ အထိတ်တလန့်ဖြစ်ခဲ့တဲ့အတွက် တောင်းပန်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ၁၀ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာလည်း မတ် ၂၉ ရက်နေ့က ဒဏ်ရာရ စစ်ကောင်စီတပ်သားတွေ လာသယ်တဲ့ စက်လှေ ၂ စီး ရေမြှုပ်မိုင်းနဲ့ တိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ Fighter 9 Force-ဆားလင်းကြီး တပ်ဖွဲ့ကနေ သိရပါတယ်။

ဆားလင်းကြီးမြို့ကနေ လက်နက်ခဲယမ်းသယ်ယူရန်နဲ့ လူနာတွေကို သယ်ယူဖို့ မုံရွာမြို့ဘက်ကို စက်လှေ ၂ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မတ် ၂၉ ရက်နေ့ ညနေ ၄ နာရီလောက်က လက်ပတောင်းရွာနားမှာ ရေမြှုပ်မိုင်း ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Fighter 9 Force-ဆားလင်းကြီးရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီ စက်လှေ ၂ စီးအနက် ၁ စီးကို ထိမှန်ပြီး စက်လှေမောင်းသူ အပါဝင် စစ်ကောင်စီဘက်က ၅ ယောက်ထက်မန ည်း ဒဏ်ရာရရှိခဲ့တာကြောင့် မုံရွာခန်းမမှာ ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုပြီးမှာ စစ်ကောင်စီဘက်က တရစပ် ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူကာကွယ်ရေးတပ်မှ ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။

မုံရွာနဲ့ ဆားလင်းကြီး တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024