တရုတ်-မြန်မာနယ်စပ်၊ မူဆယ်မြို့ သိန်းသန်းချီကားကြီးကွင်း အဝင်ဂိတ်နားမှာ မတ်လ ၃၁ ရက် ဒီနေ့ နေ့လယ် ၁၁ နာရီခွဲလောက်က ပစ်ခတ်မှုဖြစ်ပွားလို့ အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ပြည်သူ့စစ် ၂ ဦး သေဆုံးသွားကြောင်း ဒေသခံပြည်သူတွေဆီက သိရပါတယ်။
“အဝင်ဝနားမှာ ဖြစ်သွားတာ ဟုတ်တယ်။ ပြည်သူ ၂ ယောက် ဒဏ်ရာရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဒဏ်ရာရသူ ၂ ဦးထဲက အမျိုးသား ၁ ယောက် လည်ပင်းထိ ဒဏ်ရာရပြီး လားရှိုးဆေးရုံ ပို့ဆောင်ရကြောင်း ဒေသခံ လူမှုကူညီရေးအသင်း တာဝန်ရှိသူဆီက သိရပါတယ်။
“လားရှိုးပို့ရတဲ့တယောက်က စိုးရိမ်ရတာပေါ့။ လည်ပင်းထဲမှာ ကျည်ဆန်ရှိနေတာပေါ့။”
အမည်မသိအဖွဲ့က ကားဝင်းထဲကနေ ကားသေးအဖြူနဲ့ထွက်လာကာ ပစ်ခတ်သွားတာဖြစ်ပြီး ဂိတ်စောင့်နေတဲ့ လုံထန်ပြည်သူ့စစ် ၂ ယောက်တော့ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ မျက်မြင် ဒေသခံ ၁ ဦးကလည်း ပြောပါတယ်။
“ခုနကပဲ အဲ့မှာစောင့်တဲ့ ပြည်သူ့စစ် ၂ ယောက်ကို ပစ်သတ်သွားပြီး သေနတ်လည်း ယူသွားတယ်။ ဘယ်သူတွေ လာပစ်သွားတယ်ဆိုတာတော့ အတိအကျ မသိရဘူး” လို့ သူက ပြောပါတယ်။
အဲဒီ မူဆယ် သိန်းသန်းချီကားကွင်းမှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ ၃ မှာလည်း မနှစ် စက်တင်ဘာ ၁၃ ရက်နေ့မှာ အမည်မသိအဖွဲ့က လာရောက်ပစ်ခတ်ခဲ့လို့ ပြည်သူ့စစ် ၂ ဦးနဲ့ အရပ်သား အမျိုးသား ၁ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့မှာ လောင်းကစားဝိုင်းတွေလည်း ပိုမိုများပြားလာကာ မကြာခဏ ပစ်ခတ်မှုဖြစ်ပွားသလို ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုတွေလည်း ပိုမိုဖြစ်ပွားလာနေပါတယ်။
ပိုင်ရှင်မဲ့အလောင်းတွေလည်း မကြာခဏ တွေ့နေရပြီး စစ်ကောင်စီတပ်၊ စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ၂၀ ခန့်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဖြစ်တဲ့ TNLA, SSPP/SSA, KIA, PDF တွေ သွားလာလှုပ်ရှားတဲ့မြို့ ဖြစ်ပြီး တခြား အုပ်စုဖွဲ့ လက်နက်ကိုင်တဲ့ လူတွေလည်းရှိကြောင်း သိရပါတယ်။