ပဲခူးတိုင်းအနောက်ခြမ်း၊ နတ္တလင်းမြို့နယ်မှာ လောင်းကစားမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အမျိုးသား ၂ ဦး မတ်လ ၃၀ ရက် ည ၂ နာရီကျော်လောက်က အချုပ်ထောင်ဖောက်ပြီး လွတ်မြောက်သွားတယ်လို့ နယ်မြေခံသတင်းရင်းမြစ်ထံက သိရပါတယ်။
နတ္တလင်းမြို့နယ်၊ တောင်သာရွာမှာ နယ်မြေခံရဲစခန်းကို ဆက်ကြေးပေးပြီး မြင်းပြိုင်ပွဲ၊ ကြက်ဝိုင်း၊ ဂျုံးဂျုံးကျ၊ လေးကောင်ဂျင်နဲ့ ဖဲဝိုင်းတွေ ကျင်းပနေပြီး စစ်ကောင်စီ တယ်လီဂရမ်ချန်နယ်တွေမှာ ဖမ်းဆီးအရေးယူဖို့ ဖော်ပြခံရပြီးမှာ မတ်လ ၂၉ ရက်က ဦးဆောင်ကျင်းပသူ ၆ ယောက် ဖမ်းဆီးခံရသလို ငွေကျပ် သိန်း ၇၀ လည်း သိမ်းဆည်းခံခဲ့ရတာပါ။
အဆိုပါဖမ်းဆီးခံရသူတွေအထဲက အချုပ်ထောင်ဖောက် လွတ်မြောက်သွားသူတွေကတော့ ကိုပေါက်စကြီးနဲ့ ကိုပေါက်ကလေးတို့ဖြစ်ပြီး သူတို့နှစ်ယောက်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားသူတွေဖြစ်ကာ အစိုးရအဆက်ဆက် အာဏာပိုင် စခန်းမှူးတွေကို ငွေပေးပြီး လောင်းကစားဝိုင်းတွေ ကျင်းပနေသူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နတ္တလင်းမြို့ ရဲ CDM တဦးက “ညနက်ပိုင်းလောက်မှာ အချုပ်ဖောက်ပြေးတယ်လို့ ပြောတယ်။ အဲ့ဒါက အတွင်းသတင်းအရဆို မဖြစ်နိုင်ဘူး။ လွှတ်ပေးလိုက်တာဖြစ်မယ်။ အချုပ်ဖောက်ပြေးဖို့ဆိုတာ မလွယ်ဘူးလေ။ စခန်းမှာ စစ်တပ်ကကောင်တွေပါ ရှိနေတာ။ သူတို့ဖမ်းလိုက်တဲ့သူက သူတို့ကို ငွေအများကြီးရှာပေးနေတဲ့ လူဆိုးလူမိုက်တွေဆိုတော့ လွှတ်ပေးလိုက်တာပဲဖြစ်မယ်” လို့ ပြောပါတယ်။
နတ္တလင်းမြို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ထားပေမဲ့ လောင်းကစားမှု အများအပြားကို ဆက်ကြေးယူပြီး ဆောင်ရွက်ခွင့်ပြုထားတာ ဖြစ်ပါတယ်။