ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှာ မတ်လ ၃၀ ရက် ညနေပိုင်းက လျှပ်စစ်ဝန်ထမ်းတဦး လမ်းဘေးဓာတ်တိုင်ပြုပြင်စဉ် ဓာတ်လိုက်သေဆုံးသွားပါတယ်။
သာကေတမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ ရွှေပြည်သာလမ်းမနဲ့ ဝေဇယန္တာလမ်းမကြီးအနီး မီးကြိုးပြုပြင်ဖို့ လျှပ်စစ်ဝန်ထမ်းတဦး ဓာတ်တိုင်ပေါ်တက်သွားပြီး ဓာတ်လိုက်သေဆုံးခဲ့တာ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ညနေ ၆ နာရီလောက်မှာ ရွှေပြည်သာလမ်းမကြီးနဲ့ ဝေဇယန္တာလမ်းမကြီးထောင့်က ဓာတ်တိုင်ပေါ်ကို မီးကြိုးတွေတက်ပြင်နေရင်း ဓာတ်တိုင်ပေါ်မှာပဲ ဓာတ်လိုက်သေဆုံးသွားတာ။ ဘယ်သူမှလည်း တက်မဖြုတ်ရဲဘူး။ လူနာတင်ကားတွေလာပြီး မှပဲ သေဆုံးသူအလောင်းကို တက်ဖြုတ်ရတယ်” လို့ ရွှေပြည်သာလမ်းမကြီးအနီး နေထိုင်သူတဦးက ပြောပါတယ်။
ဓာတ်မီးကြိုးပြုပြင်စဉ် ဓာတ်လိုက်သေဆုံးခဲ့တဲ့ လျှပ်စစ်ဝန်ထမ်းဟာ အသက် ၃၀ ဝန်းကျင် အမျိုးသားတဦးဖြစ်ပြီး သာကေတမြို့နယ် လူမှုကူညီရေးအသင်းအဖွဲ့တွေက ဓာတ်တိုင်ပေါ်ကနေ ဖြုတ်ချသယ်ယူပြီး သင်္ဃန်းကျွန်း စံပြဆေးရုံ ပို့ဆောင်ပေးထားပါတယ်။