Home
မြန်မာသတင်း
အာဏာသိမ်းစစ်ခေါင်းဆောင် စစ်တွေမြို့၌ ထီးတော်တင်ပြီး ယတြာချေ
DVB
·
March 31, 2023
Sittway Law Ka Nandar Pagoda

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ လောကနန္ဒာစေတီတော်မှာ မတ်လ ၃၁ ရက် ဒီနေ့မနက် ၉ နာရီက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နဲ့ ထီးတော်တင်လှူပူဇော်ပြီး ယတြာလုပ်ခဲ့တယ်လို့ ရခိုင်နိုင်ငံရေးသမားတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် ဝါရင့်နိုင်ငံရေးသမားတဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက “ဒီလိုယတြာလုပ်တာတို့၊ ဘာသာရေးနဲ့ ဒီလိုလုပ်တာက စိတ်ဓာတ်ရေးရာ စစ်ဆင်ရေးလို့ ပြောလို့ရတာပေါ့။ သူတို့ဘက်က ရှုံးနေတဲ့ စိတ်ဓာတ်တွေကို ပြန်ဖြည့်ဖို့အတွက် ယတြာအရဆိုဆို၊ စိတ်ဓာတ်ရေးရာအရဆိုဆို ပြုလုပ်တယ်လို့ ပြောလိုရတာပေါ့။ သူလာတဲ့ကိစ္စနဲ့ ပတ်သက်လို့ကတော့ အပစ်အခတ် ရပ်စဲထားတဲ့ကာလ ဖြစ်တယ်။ ယုံကြည်မှုတည်ဆောက်တဲ့သဘော အနေနဲ့ လုပ်ခွင့်ပြုထားတဲ့ သဘောရှိတယ်။ အဲ့ဒါကို အခွင့်အရေးယူပြီးမှ ဘာသာရေးဘက်ကို လုပ်လာတာလို့မြင်တယ်။ သိပ်ထူထူးဆန်ဆန်းလို့တော့ မမြင်ဘူး။ လုပ်ရိုးလုပ်စဥ်တခုပါ။ ဒီလိုလုပ်ခြင်းအားဖြင့်လည်း ဒီဘက်က နစ်နာစရာမရှိပါဘူး။ သူတို့အတွက်ကတော့ ဘာသာရေးကို အခြေခံပြီးတော့ လုပ်တာပေါ့” လို့ ပြောပါတယ်။

စစ်တွေရှိ လောကနန္ဒာစေတီကို စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၁၉၉၇ ခုနှစ်မှာ တည်ထားထီးတော်တင်ခဲ့တာဖြစ်ပြီး စေတီတော်ကြီးရဲ့ အမြင့်မှာ ၁၆၂ ပေရှိကာ ရင်ပြင်တော်အကျယ်မှာ ၄၅၉ ပေနဲ့ အရန်စေတီတော် ၈ ဆူ၊ မုခ်ပေါက်ဝ ၄ ခု ရှိပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ လောကနန္ဒာစေတီကို  ထီးတော်တင်တဲ့ ဒုတိယမြောက် စစ်အာဏာရှင် ဖြစ်ပါတယ်။

ရခိုင်မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တွေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်က အပစ်ရပ်လိုက်ကြပြီးနောက် စစ်ခေါင်းဆောင်ဟာ ရခိုင်ပြည်နယ်ကို  ၃ ကြိမ်မြောက် ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

ဒေသခံနိုင်ငံရေးသမားတဦးက “ဒီလိုကာလမျိုးမှာ အခွင့်အရေးရသလို လုပ်တာပေါ့လေ။ ဒါပေမဲ့ ဒီအပစ်အခတ်ရပ်စဲထားတာက ဘယ်လောက်အထိ တာရှည်ခံမလဲဆိုတဲ့အပေါ်မှာ မူတည်တာပေါ့။ သူ့အနေနဲ့တော့ ဒီရခိုင်ဒေသကို အကဲစမ်းပြီး လုပ်ဆောင်လာနေတယ်လို့ မြင်တယ်။ သူတို့ဘက်ကတော့ ပုံဖော်နေတာပေါ့လေ။ ငြိမ်းချမ်းနေပြီ၊ လုပ်လို့ရနေပြီ၊ ငါလည်းသွားလို့ရနေပြီဆိုပြီး လုပ်ဆောင်မှာပေါ့။ ဒါပေမဲ့ ရေရှည်မှာ ဘယ်လောက် တာရှည်ခံမလဲ ဆိုတာက အချိန်က စကားပြောလာမှာပါ” လို့ သုံးသပ်ပါတယ်။

ရခိုင်မှာ အပစ်ရပ်ထားပြီးနောက် စစ်ကောင်စီက ပွဲလမ်းသဘင်တွေ အဆက်မပြတ် ကျင်းပပေးနေပြီး လာမယ့်သင်္ကြန်ပွဲကိုလည်း အထူးစည်ကားစွာ ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ ပြည်နယ်စစ်ကောင်စီ တာဝန်ရှိသူထံက သိရပါတယ်။

အပစ်ရပ်ထားတာကို အခွင့်ကောင်းယူပြီး စစ်ကောင်စီက တဖက်မှာ ပွဲလမ်းသဘင်တွေ စည်ကားအောင်လုပ်နေပြီး တဖက်မှာတော့ ပြည်သူတွေကို အာရုံလွှဲကာ တပ်အပြောင်းအလဲတွေချတာ၊ စစ်အင်အားအလုံးအရင်း တိုးချတာတွေလည်း ပြုလုပ်နေတယ်လို့ ရခိုင်ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013