ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ ၂၀ ရပ်ကွက်၊ တမ္ပဝတီလမ်း၊ အမှတ် ၃၂ ရှိ လူနေအိမ်အောက်မှာ ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုကြောင့် မီးလန့်မှုတခု မတ်လ ၃၀ ရက် နေ့လယ် ၁၁ နာရီ ၄၃ မိနစ်လောက်က ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းဟာ ၈ လက်မရှိပြီး တောင်ဒဂုံမြို့နယ်ကနေ ရွှေပြည်သာမြို့နယ် လှော်ကားအထိ ၅ မြို့နယ် ဖြတ်သန်းသွယ်တန်းထားတဲ့ ပိုက်လိုင်းဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီနေရာမှာ အရင်က လူနေထိုင်ခြင်းမရှိတဲ့ ကွင်းပြင်သာဖြစ်ပေမဲ့ ၂၀၁၀ ခုနှစ်ကစလို့ ရပ်ကွက်ရုံးအဖွဲ့က မြေကွက်ရိုက် ရောင်းစားတာတွေကြောင့် အိမ်တွေများပြားလာတယ်လို့ သိရပါတယ်။
ယိုစိမ့်မှုဖြစ်ပေါ်ခဲ့တဲ့အိမ်က မိသားစုဝင်တွေကို လတ်တလော ရွှေ့ပြောင်းခိုင်းထားတယ်လို့ သိရပြီး ဓာတ်ငွေ့ပိုက်လိုင်းတောက်လျှောက်က လူနေအိမ်တွေမှာ မီးဘေးအန္တရာယ် အချိန်မရွေး ရှိနေနိုင်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“ဒီနေရာ အရင်က မီးတားကွင်း ပလပ်မြေပါ။ ဒီပိုက်လိုင်းတွေပေါ်မှာ ခွပြီး ဆောက်ထားတာ ဒီတလမ်းလုံးပါပဲ။ အရင်က လူကြီးတွေ အကွက်ရိုက်ပြီး ရောင်းစားထားတာ။ အခု အိမ်တွေများလာပြီ။ ဒီမှာတော့ ပထမဆုံးအကြိမ်ဖြစ်တာပါ။ ရှေ့လျှောက် နေပူမှာနဲ့ ဒီလို ပိုက်လိုင်းထပ်ပေါက်မှာနဲ့ဆို တရပ်ကွက်လုံးအတွက်ပါ အန္တရာယ်ရှိတယ်။”
ပိုက်လိုင်းပေါက်တဲ့နေအိမ်ရဲ့ အနောက်ဘက် မီးဖိုချောင်ကနေ ဓာတ်ငွေ့တွေ ထွက်ပေါ်လာလို့ မီးတောက်အနည်းငယ်ရှိနေတဲ့အချိန်မှာ ရပ်ကွက်နဲ့ မီးသတ်ဌာနတို့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး ပိုက်လိုင်းဖာတာနဲ့ ဓာတ်ငွေ့ရှင်းလင်းရေးကိုတော့ မီးသတ်ဌာနက နေ့လယ် ၁၂ နာရီ ၁၉ မိနစ်မှာ ပြုလုပ်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။