ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ လောကနန္ဒာ စေတီတော်ကြီးမှာ ဘုရားထီးတော်တင်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရောက်ရှိနေတဲ့အတွက် ဘုရားအနီးတဝိုက်မှာ လုံခြုံရေး တင်းကျပ်ထားပါတယ်။
စစ်ခေါင်းဆောင်ဟာ မတ်လ ၃၁ ရက် မနက် ၆ နာရီမှာ ထီးတော်တင်မယ်လို့ ရခိုင်ပြည်နယ်ကောင်စီ တာဝန်ရှိသူတဦးက အတည်ပြု ပြောပါတယ်။
“ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်ခေါင်းဆောင်တွေ အားလုံးရောက်ရှိနေကြတယ်။ မနက်ဖြန်မနက် ၆ နာရီမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လောကနန္ဒာစေတီမှာ ထီးတော်တင်သွားဖို့ ရှိတယ်။”
စစ်ခေါင်းဆောင်ဟာ သာသနာရေးဝန်ကြီး အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ စစ်ခေါင်းဆောင်တွေနဲ့အတူ မတ်လ ၃၀ ရက် မွန်းလွဲပိုင်းက စစ်တွေမြို့ကို ရောက်ရှိနေပြီး မတ်လ ၃၁ ရက် မနက် ၆ နာရီမှာ စစ်တွေရှိ လောကနန္ဒာစေတီကို ထီးတော်တင်မှာ ဖြစ်ပါတယ်။
လောကနန္ဒာစေတီကို စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၁၉၉၇ ခုနှစ်မှာ ထီးတော်တင်ခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ဒုတိယမြောက် ထီးတော်တင်တဲ့ စစ်အာဏာရှင် ဖြစ်လာမှာဖြစ်ပြီး ရခိုင်ပြည် အပါအဝင် မြန်မာနိုင်ငံတခုလုံးအတွက် ယတြာချေတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။
“ဒီလောကနန္ဒာစေတီက စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၁၉၉၇ ခုနှစ်မှာ တည်ထားထီးတော်တင်ခဲ့တာ၊ သူ့ရဲ့အာဏာသက်တမ်းက အခုအချိန်အထိ လွှမ်းမိုးထားနေတာတွေ တွေ့နေရတယ်။ အခု မြန်မာတနိုင်ငံလုံး စစ်မီးတောက်လောင်နေတဲ့အချိန်မှာ သူ့ဆရာ ထီးတော်တင်ခဲ့တဲ့ ဒီစေတီမှာ တပည့်ဖြစ်သူကလာပြီး ထီးတောင်တင်တယ်ဆိုတာ အကြောင်းရှိတယ်။ စေတီမှာ ရွှေထီးက တင်ထားတောင် မကြာသေးဘူး။ အခု ထပ်တင်မယ်ဆိုတော့ ဆရာရဲ့ခိုင်းစေချက်ကြောင့် ယတြာချေခြင်းသာ ဖြစ်ဖို့များတယ်။”
စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ရခိုင်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ မရှိခဲ့သလို အာဏာသိမ်းစစ်တပ်ကို သက်ဆိုးရှည်စေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း အများကြီး ရှိနေပါတယ်။
ရခိုင်မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ကြား ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်က အပစ်ရပ်လိုက်ကြပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင်က ရခိုင်ပြည်နယ်ကို ၃ ကြိမ်မြောက် ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ဟာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်က သံတွဲမြို့မှာ မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ် အဆင့်မြင့်အရာရှိကြီးတွေ အစည်းအဝေးပြုလုပ်ခဲ့သလို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်ကလည်း ရခိုင်ပြည်နယ်ကို ထပ်မံရောက်ရှိလာခဲ့ပြီး အခုတကြိမ်နဲ့ဆို ၃ ကြိမ်မြောက် ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။