ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ မတ်လ ၃၀ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ၇ ယောက်ထက်မနည်း သေဆုံးကာ ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ထန်တလန်မြို့နယ် ခွာဖိုကျေးရွာကို ဒီနေ့ မတ်လ ၃၀ ရက် မနက် ၁၀ နာရီကျော်လောက်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ ၂ စီး၊ Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ် ၁ စီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ခွာဖိုကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ ဒေသခံပြည်သူ ၇ ယောက်ထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူတွေလည်း ရှိနေပြီး သေဆုံးသူအရေတွက်လည်း တိုးလာနိုင်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့လည်း လေယာဥ်အသံကြားတော့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်ပြီး ပုန်းခိုကျင်းတွေထဲမှာ ပုန်းအောင်းနေရကာ စက်သေနတ်သံတွေ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားရတယ်။”
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်၊ အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့သလို မီးလောင်ကျွမ်းတာတွေလည်း ရှိနေပြီး သေဆုံးတဲ့သူတွေထဲမှာ ခရစ်ယာန် ဘာသာရေးဆရာ Mr.Za Cung ရဲ့ သမီး ၂ ယောက်လည်း ပါဝင်တယ်လို့ စုံစမ်းသိရပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ သေဆုံးဒဏ်ရာရသူ အရေအတွက် အမည်စာရင်းနဲ့ နေအိမ်အဆောက်အဦ ထိခိုက်ပျက်စီးတဲ့ အခြေအနေကိုတော့ သက်ဆိုင်ရာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက အသေးစိတ် စုံစမ်းတာတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။