Home
မြန်မာသတင်း
မြိတ်-မောတောင်ကားလမ်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် အကျအဆုံးများ
DVB
·
March 30, 2023
338371157_212949301337628_7166493865949177010_n

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မြိတ်-မောတောင်ကားလမ်းက ချောင်းနစ်ပေါက်ကျေးရွာရှိ မြစ်ကူးတံတားအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကော်သူလေးအာမီ ကျားကြီးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၈ ရက် ညနေ ၄ နာရီလောက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအင်အား ၉ဝ ကျော်ပါ တပ်ရင်း ၄ ရင်းနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သလို မတ် ၂၉ ရက် မနက် ၇ နာရီလောက်မှာလည်း တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၇ နာရီနီးပါးကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်က တပ်သား ၁၂ ဦးသေဆုံး၊ ၂ဝ ကျော် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဘက်က ရဲဘော် ၁ ဦး ခြေသလုံး ကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲက ၂ ရက်ဆက်ဖြစ်တယ်။ စခဘက်က အများအပြားသေဆုံးတယ်။ လက်နက်ကြီးနဲ့ ပြန်ပစ်တာတွေရှိပေမဲ့ ရဲဘော်တယောက်ပဲ ထိခိုက်ဒဏ်ရာ အနည်းငယ်ရတယ်။ ရွာထဲကိုတော့ လက်နက်ကြီးကျရောက်တာတော့ ရှိတယ်” လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အဆိုပါ ၂ ရက်ဆက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူ အချက်ပေါင်း ၇ဝ ကျော်လောက် ပစ်ခတ်ခဲ့ပြီး လက်နက်အင်အားမမျှတာကြောင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

မြိတ်-မောတောင်လမ်း‌တလျှောက် စစ်ရေးတင်းမာနေတာကြောင့် ခရီးသွားပြည်သူတွေ သတိရှိကြဖို့နဲ့ အတတ်နိုင်ဆုံး ခရီးမထွက်ကြဖို့ ပြည်သူ့ကာကွယ်ရေးဘက်က မေတ္တာရပ်ခံထားပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၉ ရက်ကလည်း ချောင်းနစ်ပေါက်ကျေးရွာက မြစ်ကူးတံတားအနီးမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး‌ စစ်ကောင်စီဘက်က အကျအဆုံးများခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024