မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၁၈၂ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၀,၉၂၅ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ် ၂၉ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၇,၀၅၈ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၅,၂၅၄ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်က ၁၀၈ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်းအယောက် ၁၅၀ ရှိလာခဲ့ပြီဖြစ်ပါတယ်။
လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၈၄၃ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ် ၈ ရက်က ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသား ၂ ယောက်ဖြစ်ကြတဲ့ ထားဝယ်ခရိုင်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုမျိုးမင်းဦးနဲ့ ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုအောင်ဝေယံထွန်းတို့ကို ထားဝယ်ခရိုင်တရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) နဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ကိုမျိုးမင်းဦးကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မေလတုန်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြမှုကြောင့် အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ပထမအကြိမ် ဖမ်းဆီးထောင်ချခဲ့ပြီးနောက် ၆ လလောက်အကြာ အောက်တိုဘာ ၂၀ ရက်မှာ ပြန်လည်လွတ်မြောက်ခဲ့တာပါ။ အဲဒီနောက် သူ့ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်မှာ ထားဝယ်မြို့၊ ခုံဝင်းဒပ်ရပ်ကွက်မှာ ဒုတိယအကြိမ် ထပ်မံဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ကိုအောင်ဝေယံထွန်းကိုတော့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်က ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်က နေအိမ်မှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့တာလို့ အေအေပီပီက ပြောပါတယ်။
ဒါ့အပြင် မတ် ၂၇ ရက် နေ့လယ် ၁၂ နာရီလောက်ကလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မဲရုံလေးကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စုတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ ကျေးရွာထဲက စိုက်ပျိုးရေးခြံထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံခြံလုပ်သား ကိုလျှံထက်အောင်ဟာ ကျည်စထိမှန်ကာ နေရာတင်သေဆုံးခဲ့ပြီး တခြားခြံလုပ်သား ၆ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။ အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ ၆ ယောက်ကို ကျိုက်ထိုမြို့နယ်ဆေးရုံဆီ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေချိန်မှာပဲ သူတို့ထဲက တယောက်ဖြစ်တဲ့ ကိုစောနောင်ဟာ ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။