မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ မတ်လ ၂၉ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၆ ယောက်သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။
မတ္တရာမြို့နယ် စကျင်ကျေးရွာမှာ ညအိပ်တပ်စွဲခဲ့တဲ့ အင်အား ၇၀ လောက်ပါတဲ့ စစ်တပ်ကား ၅ စီး မတ္တရာမြို့ဘက်ကို ပြန်ဆုတ်လာတဲ့အချိန် ဒီနေ့ မတ်လ ၂၉ ရက် မနက် ၇ နာရီခွဲလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မန္တလေး-မိုးကုတ် ကားလမ်းပေါ်က တံတားဖြူတံတားနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်တီက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို တောကြီးမြွေပွေးပြောက်ကျားတပ်ဖွဲ့နဲ့ ပြည်သူ့ရဲတပ်ဖွဲ့၊ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဌာန အဖွဲ့ ၅ က ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေ အတူပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၆ ယောက်သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ စဥ့်ကူးမြို့နယ်၊ ကျွန်းကြီးရွာနဲ့ မတ္တရာမြို့နယ်၊ မြွေပုံကန်ကျေးရွာတွေကို မတ်လ ၂၈ ရက် မနက်ပိုင်းမှာ စစ်ကြောင်းထိုး မွှေနှောက်ခဲ့ကြပြီး ညနေ ၃ နာရီလောက်မှာ မတ္တရာမြို့နယ် မြွေဟင်္သာရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။