ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မောင်ကျန်သီးလမ်းရှိ ဆွိတီးဟုမ်း မွေ့ယာစက်ရုံရှိ ဂိုဒေါင် ၂ လုံးမှာ မတ်လ ၂၉ ရက် ဒီနေ့ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
ညနေ ၃ နာရီခွဲလောက်က မီးစလောင်ချိန် Level 2 အဆင့်နဲ့ ငြှိမ်းသတ်ခဲ့ကြပေမဲ့ မီးမထိန်းနိုင်လို့ Level 3 အဆင့်နဲ့ ငြှိမ်းသတ်ခဲ့ရတာကြောင့် ညနေ ၄ နာရီ ၁၄ မိနစ်မှာ မီးထိန်းနိုင်ပြီး ၄ နာရီ ၂၉ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။
ဆွိတီးဟုမ်းမွေ့ယာစက်ရုံဝင်းထဲက ဓာတုဗေဒပစ္စည်းနဲ့ ကုန်ကြမ်းတွေ သိုလှောင်ထားတဲ့ ဂိုဒေါင်တခုကနေ စတင်လောင်ကျွမ်းကာ ပြိုကျခဲ့ပြီး နောက်ထပ်ဂိုဒေါင် အဆောက်အဦ တလုံးပါ မီးလောင်ပြိုကျခဲ့တဲ့အပြင် ဝန်ထမ်းတွေရှိတဲ့ စက်ရုံဘက်ခြမ်းကိုပါ မီးကူးစက်ခဲ့တယ်လို့ သိရပါတယ်။
လူမှုကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက “စက်ရုံပင်မရုံတော့ မဟုတ်ဘူး၊ ဝင်းထဲက ဂိုဒေါင်လို ၂ ခုမှာ လောင်တာ။ ဂိုဒေါင်တဝက်စီ ပြိုကျမှုတွေ ရှိပါတယ်။ အထဲမှာ ဓာတုကုန်ကြမ်းတွေကို အခုထိ မီးငြှိမ်းနေရတုန်းပဲ၊ မွေ့ယာထဲထည့်တဲ့ ရေမြှုပ်တွေလည်း တွေ့ရတယ်” လို့ ပြောပါတယ်။
မီးလောင်ရတဲ့ အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို စစ်ဆေးတွက်ချက်နေဆဲလို့ သိရပါတယ်။
ရန်ကုန်မှာ မတ်လအတွင်း ၂၉ ရက်နေ့အထိ မီးလောင်မှု ၂၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မြန်မာမီးသတ်ဌာန မှတ်တမ်းတွေအရ သိရပါတယ်။