ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ကုန်သွယ်ရေးဇုန်အနီးမှာ မတ် ၂၅ ရက်ကစပြီး ၂၈ ရက်နေ့ထိ စစ်ကောင်စီတပ်နဲ့ KNU/KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ Cobra စစ်ကြောင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
“စစ်ကောင်စီတပ်ဘက်က သင်္ကန်းညီနောင်စခန်းနဲ့ ၂၇၅ တပ်တွေကနေ လက်နက်ကြီးတွေနဲ့ ရမ်းသန်းထုနေတယ်။ လက်နက်ကြီးကြောင့် ရွာသား တယောက် နှစ်ယောက် ထိခိုက်မိတာ ရှိတယ်။ အိုးအိမ်ပျက်စီးမှုကတော့ ရှိတယ်။ အိမ်ကြားထဲ ကျတာတွေရှိတယ်။”
မတ် ၂၅ ရက်က စစ်ကောင်စီရဲ့ ကုန်သွယ်ရေးဇုန်မှာရှိတဲ့ အုပ်ချုပ်ရေးယန္တရား၊ ကုန်သွယ်ရေးယန္တရား အားလုံးကို ဖြတ်တောက်ခဲ့တာလို့ သိရပါတယ်။
“စစ်ကောင်စီတပ်ကို ကျနော်တို့ကတော့ တိုက်မှာပဲ၊ ခွင့်မလွှတ်ဘူး၊ နိုင်အောင်တိုက်မှာ” လို့ မြေပြင်မှ ရဲဘော်တဦးက ပြောပါတယ်။
တိုက်ပွဲဆက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အခုတောင် လက်နက်ကြီးနဲ့ ရမ်းသန်းထုနေတယ်လို့ ပြောပါတယ်။
ကရင်ပြည်နယ်ရှိ မြဝတီ၊ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ မတ်လအတွင်း စစ်ကောင်စီတပ်နဲ့ KNU/KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေပြီး ပြည်သူ့နေအိမ်တွေ ပျက်စီးတာတွေ ရှိနေတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်ရှိ မြဝတီကုန်သွယ်ရေးဇုန်ကို တိုက်ခိုက်တာဟာ မိုက်မဲတဲ့လုပ်ရပ်ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၂၇ ရက်မှာ ပြောထားပါတယ်။