ရန်ကုန်၊ တာမွေမြို့နယ်၊ တာမွေကုန်းတံတားအောက်၊ မီးပွိုင့်မှာ မတ်လ ၂၈ ရက် မနက် ၄ နာရီခွဲလောက်က လူ ၁၃ ဦးပါ ဈေးကြို လိုက်ထရပ်ယာဉ်ကို ကားတစီးက ဝင်တိုက်ပြီး မောင်းပြေးသွားတာကြောင့် ဈေးကားပေါ်ပါ လူ ၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံပရဟိတအသင်းတွေက ပြောပါတယ်။
သန်လျင်မြို့နယ်ကနေလာတဲ့ လိုက်ထရပ်ကားဟာ ကြည့်မြင်တိုင်ငါးဈေးကို ဈေးဝယ်ထွက်လာတာဖြစ်ပြီး တာမွေမီးပွိုင့်မှာ မျက်နှာချင်းဆိုင်မောင်းလာတဲ့ ကားက ဝင်တိုက်ခဲ့တာပါ။
ယာဉ်တိုက်မှုကြောင့် ဦးခေါင်းကွဲအက်ဒဏ်ရာနဲ့ စိုးရိမ်ရတဲ့ လိုက်ထရပ်ယာဉ်မောင်း အပါအဝင် ပြင်းထန်ဒဏ်ရာရရှိသူ ကျား ၂ ဦး၊ မ ၃ ဦး၊ စုစုပေါင်း ၅ ဦးဖြစ်ပြီး ကျန် ၄ ဦးမှာ ပွန်းပဲ့ပြတ်ရှဒဏ်ရာ ရရှိခဲ့ပါတယ်။
မြို့ခံပရဟိတအသင်းက “၄ နာရီခွဲလောက်ဖြစ်တာ၊ တိုက်တဲ့အရှိန်နဲ့ ကားက တုံးလုံးလဲကျနေတာ။ အသင်းကရောက်တော့ စိုးရိမ်လူနာကို အရင်ဆုံး ဆေးရုံပို့ဆောင်ပေးပါတယ်။ ခေါင်းက ကွဲပြီးတော့ နောက်ဘက်အထိ အရေခွံလန်နေပြီ။ လူနာအားလုံး ၉ ဦး၊ ၅ ဦး ပြင်းထန်ဒဏ်ရာရပါတယ်” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုဖြစ်ပွားချိန်က တာမွေမြို့နယ် အပါအဝင် မြို့နယ်တချို့မှာ မီးပျက်နေတာကြောင့် CCTV မှတ်တမ်းရဖို့ ခက်ခဲနေတယ်လို့ သိရပြီး လူနာတွေကို သင်္ဃန်းကျွန်း စံပြဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။