ရန်ကုန်၊ တာမွေ အရှေ့မြင်းပြိုင်ကွင်းလမ်းမပေါ်က ယာဥ်ထိန်းရဲတပ်ဖွဲ့ မတ်လ ၂၈ ရက် ဒီနေ့ မနက် ၁၀ နာရီကျော်က ဗုံးနဲ့အပစ်ခံရပြီး အမျိုးသမီး ယာဉ်ထိန်းရဲ ဒုတပ်ကြပ်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အနီးနားမှာနေထိုင်သူတွေဆီက သိရပါတယ်။
အရှေ့မြင်းပြိုင်ကွင်းလမ်းမပေါ်က ယာဥ်ထိန်းရဲအဖွဲ့ကို တာမွေခုံးကျော်တံတားပေါ်ကနေ လက်လုပ်ဗုံးနဲ့ပစ်သွားတာလို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
"ယာဥ်ထိန်းအဖွဲ့က သုံးယောက် အလူမီနီယမ်မှန်ဆိုင်ရှေ့မှာ ယာဥ်တွေစစ်နေတာ၊ ခုံးတံတားပေါ်ကနေ ပစ်သွားတာ တစ်ဦးဒဏ်ရာရတယ်။”
ဗုံးနဲ့ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေရောက်လာကာ အခင်းဖြစ်ရာနေရာကို စစ်ဆေးပြီး ဒဏ်ရာရသူ ဒုတပ်ကြပ်အမျိုးသမီးကို ရွှေဂုံတိုင်ဆေးရုံကို ခေါ်သွားတယ်လို့ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။
"ယာဥ်ထိန်းရဲမေထိတာ အဆင့်က ဒုတပ်ကြပ် သေတော့မသေဘူး ဒဏ်ရာတော့ ပြင်းထန်တယ်၊ စစ်တပ်က လူနာတင်ယာဥ်နဲ့ဆေးရုံခေါ်သွားတယ်"လို့ ပြောပါတယ်။
လတ်တလော တာမွေ ခုံးကျော်တံတားနဲ့ အရှေမြင်းပြိုင်ကွင်းတလျှောက်မှာ စစ်ကောင်စီတပ်နဲ့ရဲတွေက စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
မနေ့ကလည်း ထန်းတပင်၊ လှည်းကူး၊ မင်္ဂလာဒုံနဲ့ မှော်ဘီမြို့နယ်တွေမှာ စစ်တပ်ပိုင် Mytel တာဝါတိုင်သုံးတိုင်နဲ့ မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေးဌာန ဗုံးခွဲတိုက်ခိုက်ခံရပါတယ်။