ရန်ကုန်တိုင်း၊ ထန်းတပင်နဲ့ လှည်းကူးမြို့နယ်က စစ်တပ်ပိုင် Mytel တာဝါတိုင်တွေ မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့ ညပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ထန်းတပင်မြို့နယ် ဆတ်ကလေးကျေးရွာမှာ မနေ့ည ၁၂ နာရီ ဝန်းကျင်က စစ်တပ်ပိုင် မိုင်တဲတာဝါတိုင် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတာလို့ ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
"ဗုံးပေါက်တာ အသံအကျယ်ကြီးပဲ ညတွင်းကြီး စစ်တပ်ရော တပ်ရင်း ၉ က ရဲတွေပါ ရောက်လာတာ တာဝါတိုင်ကတော့ အတော်လေးပျက်စီးသွားတယ်။”
လှည်းကူးမြို့နယ်၊ ဂွေးတောက်အိုင်ကျေးရွာအုပ်စုမှာလည်း မနေ့ညနေ ၆ နာရီက စစ်တပ်ပိုင် Mytel တာဝါတိုင်မှာဗုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။
"အမြန်လမ်းက Mytel တာဝါတိုင်မှာပေါက်တာ မိုင်တိုင် ၁၇ မှာရှိတဲ့ မိုင်တဲတာဝါတိုင်ရယ် လျှပ်စစ်မီးတိုင်ရယ် ပေါက်တာ အမြန်လမ်းမှာ စစ်ဆေးတာတွေလုပ်သေးတယ်။”
မနေ့ မနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းကျေးရွာမှာရှိတဲ့ စစ်တပ်ပိုင် Mytel တာဝါတိုင် ဗုံးခွဲတိုက်ခိုက်ခံရသလို မှော်ဘီမြို့နယ် ကုလားကုန်းကျေးရွာရှိ မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေးဌာနခွဲမှာလည်း ဗုံးပေါက်ခဲ့တာလည်းရှိပါတယ်။
မနေ့က နေပြည်တော်မှာ စစ်ကောင်စီက ဖက်ဆစ်တော်လှန်ရေးနေ့ (တပ်မတော်နေ့) စစ်ရေးပြပွဲ ကျင်းပနေချိန် ရန်ကုန်၊ မန္တလေးနဲ့ နယ်မြို့တချို့မှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။