မင်းအောင်လှိုင်နှင့် အာဏာသိမ်းအဖွဲ့သည် ဝံပုလွေကိုကြောက်၍ အသက်ရှင်နေသမျှ ကာလပတ်လုံး ကျီးလန့်စာစားနှင့် နေကြရပြီး နောက်ဆုံးတွင် သိုးထိန်းသမား၏ လက်ချက်ဖြင့် နိဂုံးချုပ်သွားရပေတော့မည့် သိုးငယ်လေးများပမာ ဖြစ်နေသည်ဆိုသော တောင်အာဖရိက စကားပုံအတိုင်း ဖြစ်နေပေသည်။
သို့သော် နိုင်ငံတကာတွင် မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်၍ ဘူးလုံးနားမထွင်း ထင်မြင် ယူဆမှုများ ရှိနေသည်ဟု အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျုမှ ဘီလီဖို့ဒ်က ယခုလို ထောက်ပြထားသည်။
(၁) စစ်တပ်သည် အဆုံးသတ်တွင် အာဏာကို အခိုင်အမာ တည်ဆောက်လာနိုင်မည်။
(၂) ထိုသို့မဟုတ်က အုပ်ချုပ်ရေးတွင် ၎င်းတို့ကဲ့သို့ ထိန်းချုပ်နိုင်စွမ်းရှိသူ ထွက်မလာဘဲ အလုံးစုံ ပြိုလဲသွားမည့် failed state ဖြစ်သွားနိုင်သည်။
(၃) စစ်တပ်က ရေရှည်ထိန်းချုပ်ထားနိုင်ခြင်းကို လိုလားပြီး တည်ငြိမ်မှု ရှိလာမည်။ အစရှိသည်တို့ ဖြစ်သည်။
ထိုသို့ အယူအဆရှိသူများသည် စစ်တပ်က နောက်ဆုံးတွင် ထိန်းချုပ်သွားနိုင်မည်ဟု ယုံကြည်နေပြီး လက်ရှိ အကြမ်းဖက်သတ်ဖြတ်နေမှုများကို တုံဏှိဘာဝေ လုပ်နေကြခြင်းသာ ဖြစ်သည်။
သို့သော် လက်ရှိအနေအထားသည် ၎င်းတို့အား ဆန့်ကျင်တွန်းလှန်နေမှုများက အင်အားကောင်းသည်ထက် ကောင်းလာနေပြီး ၎င်းတို့ အရေးနိမ့်မည်ဟု ယုံကြည်မှသာ စစ်တပ်သည် နိုင်ငံရေးအရ အဖြေရှာနိုင်အောင် ဆွေးနွေးပွဲများ လုပ်လာမည်ဖြစ်သည်။ သို့သော် ထိုသို့ဖြစ်လာအောင် မလုပ်ဘဲ စစ်တပ်ကို ဆက်၍ ထောက်ခံနေခြင်းသည် ပြဿနာကို ရှည်ကြာသည်ထက် ကြာအောင် ပြုလုပ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
(၁) စစ်တပ်သည် အဆုံးသတ်တွင် အာဏာကို အခိုင်အမာ တည်ဆောက်လာနိုင်မည်လော။
စစ်တပ်၏ လက်ရှိအနေအထားကို ကြည့်မည်ဆိုလျှင် ၁၊ ရိက္ခာများကိုပင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ မိုင် ၃၀ အကွာကိုပင် ရဟတ်ယာဉ်ဖြင့် ချပေးနေရသည်။ ၂၊ စစ်သားများ၏ ဇနီးသားသမီးများကိုပင် လက်နက်တပ်ဆင်ပေးလာရသည်။ ၃၊ စစ်တက္ကသိုလ်သည်လည်း ယခင် သင်တန်းသား အရေအတွက်၏ အနည်းငယ်မျှလောက်သော အရေအတွက်ကို လေ့ကျင့်သင်ကြားပေးနေရသည်။ ၄၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ခုခံနိုင်ရန်ဆိုကာ ၎င်းတို့သစ္စာခံ အရပ်သားများကို ဝါးချွန်များ ထုတ်ပေးနေရသည်။
စစ်တပ်၏ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကျင့်သုံးလာသည့် မည်သို့မျှ ခေတ်မမီတော့သော ဖြတ်လေးဖြတ်ဗျူဟာသည် အဆုံးတွင် အောင်ပွဲခံလိမ့်မည်ဟု မည်သို့များ ယုံကြည်စရာ ရှိပေမည်နည်း။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုလည်း တသက်လုံး ထိုနည်းကိုသာ ကျင့်သုံးလာခဲ့ရာ မအောင်မြင်သည့်အပြင် ပို၍ပင် အင်အားကောင်းသည်ထက် ကောင်းလာနေသည် မဟုတ်ပါလော။
(၂) အုပ်ချုပ်ရေးတွင် ၎င်းတို့ကဲ့သို့ ထိန်းချုပ်နိုင်စွမ်းရှိသူ ထွက်မလာဘဲ အလုံးစုံ ပြိုလဲသွားမည့် failed state ဖြစ်သွားမည်လော။
ယင်းသို့ စိုးရိမ်မကင်း ဖြစ်သင့်သော်လည်း လက်ရှိ ရှေ့မတိုး နောက်မဆုတ် အနေအထားသည် failed state အနေအထားသို့ ဦးတည်နေပြီဖြစ်သည်။ မည်သည့်ဘက်ကမှ အနိုင်ရရှိလာနိုင်စရာ မရှိက မြန်မာပြည်သူများသာ ဆက်၍ ဒုက္ခပင်လယ်ဝေနေရဖို့သာ ရှိသည်။
ထိုသို့ failed state ဖြစ်မည်ဟု ထင်မြင်ယူဆနေသူများသည် လက်ရှိအနေအထားအတိုင်း မဖြစ်နိုင်ဘဲ စစ်တပ်ပြိုလဲသွားမှသာ ဖြစ်နိုင်သည်ဟု သုံးသပ်နေသူများသာ ဖြစ်သည်။ ထိုအယူအဆနှင့် လက်ရှိ စစ်တပ်ကျူးလွန်နေမှုများကို သည်းညည်းခံနေကြခြင်း သို့မဟုတ် အင်အားချိန်ခွင်လျှာ ပြောင်းလဲသွားအောင် လုပ်လိုစိတ် မရှိကြခြင်းတို့ တွေ့လာရသည်။ သို့သော် လက်ရှိအနေအထားသည် မည်သူမျှ မလိုလားသည့် failed state အဖြစ် ဦးတည်နေပြီကို ရှင်းလင်းစွာ ရှုမြင်ဖို့ လိုနေပေသည်။
(၃) စစ်တပ်မှ ရေရှည်ထိန်းချုပ်ထားနိုင်လာပါက တည်ငြိမ်မှု ရှိလာမည်လော။
စစ်တပ်သည် အလိမ်အညာရွေးကောက်ပွဲ ပြုလုပ်ပြီး အရပ်သားအစိုးရ ထွက်ပေါ်လာသည်နှင့် ၎င်းတို့အား ခုခံတွန်းလှန်နေမှုများ ချုပ်ငြိမ်းသွားမည်၊ စစ်ပွဲသည် အဆုံးသတ်သွားလိမ့်မည်ဟု စိတ်ကူးတွက်ဆနေသူများလည်း ရှိနေသည်။ မချုပ်ငြိမ်းဘဲ အားနည်းသွားခဲ့မည် ဆိုလျှင်ပင် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များသည် ယခုလို စစ်ပွဲတွင် လိုက်နာရမည့် စည်းကမ်း၊ တာဝန်ခံမှုများကို ဂရုစိုက်နေကြတော့မည် မဟုတ်။ စစ်တပ်က ၎င်းတို့အား လက်နက်ဖျက်သိမ်းခြင်း၊ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များကို ဖျက်သိမ်းခြင်းများ လုပ်နိုင်မည်ဟု ထင်နေခြင်းသည် မထော်တနန်း အတွေးအခေါ်များသာ ဖြစ်သည်။ ထိုသို့ လုပ်နိုင်စွမ်းရှိသူများသည် ပြည်သူ့ထောက်ခံမှုရထားသည့် ဒီမိုကရေစီလိုလားသည့် အစိုးရမျိုးသာ ဖြစ်ပေလိမ့်မည်။
နောက်ထပ်တချက်က ဝီရသူကဲ့သို့ ပုဂ္ဂိုလ်မျိုးကိုပင် ဆုတံဆိပ်များပေးပြီး မြှောက်စားနေသည်ကို ကြည့်က ၎င်းတို့ ဆက်၍ ထိန်းချုပ်သွားနိုင်သည်နှင့်အမျှ မွတ်ဆလင် ဆန့်ကျင်ရေး လူမျိုးရေးအဓိကရုဏ်းများ ပို၍ပင် ဖြစ်လာပေဦးမည်။
ရေရှည်တွင် လူထုထိခိုက်လာမည့်အရေးက ပြီးခဲ့သည့် ၂ နှစ်ကထက် ပို၍ပင် ဆိုးဝါးလာတော့မည် ဖြစ်သည်။ တိုင်းပြည်ကို တံခါးပိတ်ပြီး တရုတ်၊ ရုရှား တို့၏ ရွှေစိတ်တော် အညှိုးမခံဘဲ မျက်နှာကြည့် ဆက်ဆံသွားနေသရွေ့ စီးပွားရေး ပျက်သုဉ်းလာမှုသည် မည်သို့မျှ နာလန်ထူလာဖွယ် မရှိတော့ဘဲ ရေရှည်ကြုံတွေ့သွားရတော့မည့် အကျပ်အတည်းကြီး ဖြစ်လာပေလိမ့်မည်။
စစ်ခေါင်းဆောင်များသည် အယူသည်းသူများ ဖြစ်နေသည့်အပြင် အရည်အချင်းလည်းမရှိ ဖြစ်နေသည်ကို ယခုပင် အထင်အရှား တွေ့နေရသည်။ အကျိုးအမြတ်မရှိသော နိုင်ငံပိုင် လုပ်ငန်းများကို ပြန်၍ အသက်သွင်းလာနေခြင်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းအား ပုံသေ သတ်မှတ်လာခြင်း၊ အနောက်တိုင်းယဉ်ကျေးမှုဆိုကာ ပိတ်ပင်လာခြင်း၊ မြေယာများကို အလုံးအရင်း သိမ်းယူလာခြင်းများကို ကြည့်မည်ဆိုက နိုင်ငံရေးအာဏာကို ချုပ်ကိုင်ပြီး ရှေ့လျှောက် ၎င်းတို့မိသားစုများ ကြွယ်ဝချမ်းသာရေးကိုသာ ဦးတည်မည့် အကျင့်ပျက် ခြစားမည့် kleptocratic အစိုးရမျိုးသာ တည်ဆောက်သွားရန် ပြင်ဆင်နေသည်ကို တွေ့နိုင်ပေသည်။ (အသစ်အဆန်း ထွင်လာသည့် လျှပ်စစ်ကား တင်သွင်းခြင်းကိုပင် မင်းအောင်လှိုင်သည် သမီးဖြစ်သူနှင့် လုပ်ငန်းဆက်စပ်နေသော ကုမ္ပဏီကိုသာ ချပေးခဲ့သည်။)
ခေတ်သစ် မြန်မာသမိုင်းတွင် မကြုံစဘူးအောင် ပြည်သူတို့ စည်းလုံးလာနေမှုကို တုံ့ပြန်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို နိုင်ငံရေး၊ စီးပွားရေး၊ နယ်မြေပိုင်ဆိုင်ခွင့်များဖြင့် တော်လှန်ရေးမှ ခွဲထုတ်ရန် ကြံစည်လာကြသည်။ သို့သော် စစ်တပ်အင်အား ပျော့လာသည်ကို ကြည့်ပြီး ထိုမျှနှင့် တင်းတိမ်တော့မည်မဟုတ်ဘဲ တစိတ်တပိုင်း လွတ်လပ်သောနိုင်ငံအဖြစ် ရပ်တည်နိုင်ရန် စိတ်ကူးများ ပေါ်လာနေသည်ကို တွေ့ရသည်။ ဤသို့ဖြင့် အမျိုးသား ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးများသည် ပို၍ပင် အလှမ်းကွာဝေးသွားပေတော့မည်။
ယခုပင် တရုတ်လူဆိုးဂိုဏ်းများသည် စစ်တပ်မှ အုပ်ချုပ်ပိုင်ခွင့်ပေးထားသော နယ်မြေများရှိ ဒေသခံ လက်နက်ကိုင်အဖွဲ့များနှင့် ပလဲနံပသင့်အောင်လုပ်ပြီး အလျှိုလျှို ပေါ်လာနေပြီ ဖြစ်သည်။ ထိုအဖြစ်များမှ ရုန်းထွက်နိုင်ရန် ရွေးချယ်စရာ နှစ်လမ်းသာ ရှိပေသည်။
(၁) တော်လှန်ရေးတပ်ဖွဲ့များသည် ပိုမိုအင်အားတောင့်တင်းလာပြီး ယခုထက်ပို၍ တသွေးတည်း တသားတည်း ဖြစ်လာခြင်း။
(၂) စစ်အာဏာသိမ်းအဖွဲ့သည် စစ်ရေးအရ မည်သို့မျှ အောင်မြင်နိုင်စရာ အကြောင်းမရှိဘဲ စေ့စပ်ဆွေးနွေးလာရခြင်းတို့ပင် ဖြစ်သည်။
ထိုသို့ ဆွေးနွေးရာတွင်လည်း ၎င်းတို့အား နိုင်ငံရေးတွင် မည်သို့သောအခန်းကဏ္ဍမျိုးမှ ထည့်သွင်းစဉ်းစားလက်ခံခြင်း မပြုမှသာ ဖြစ်ပေမည်။ လက်ရှိ အမျိုးသားညီညွတ်ရေး အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးပြီး ထုတ်ပြန်ထားသော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းပါ လမ်းပြမြေပုံပင်ဖြစ်သည်။
ထိုလမ်းပြမြေပုံဖြင့်သာ အကြမ်းဖက်မှုများ ချုပ်ငြိမ်းပြီး မြန်မာပြည်သူများ ငြိမ်းချမ်းစွာ တစည်းတလုံးတည်း နေထိုင်သွားနိုင်ပေလိမ့်မည်။
ထိုသို့ဖြစ်လာအောင် နိုင်ငံတကာအနေဖြင့် စစ်အာဏာသိမ်းအဖွဲ့သည် လက်ရှိ အနေအထားအတိုင်း သက်သောင့်သက်သာ ဆက်နေသွား၍ မဖြစ်တော့အောင် လက်နက်များ ပံ့ပိုးပေးခြင်း၊ ၎င်းတို့၏ အလိမ်အညာ ရွေးကောက်ပွဲအား ထောက်ခံခြင်း၊ နိုင်ငံရေးအရ အသိအမှတ်ပြုခြင်းနှင့် လက်ရှိ အချိန်မတန်သေးသည့် နိုင်ငံရေးအရ ဆွေးနွေးပွဲများ ဖြစ်အောင် တွန်းအားပေးခြင်းများကို ရှောင်ကြဉ်ရပေလိမ့်မည်။
မြန်မာအား အမှန်တကယ် ငြိမ်းချမ်းလိုစိတ်ရှိသည်ဆိုက အထက်ပါအချက်များကို အခြေခံ၍သာ ပြုလုပ်သွားရမည် ဆိုသည်ကို သတိချပ်ရပေလိမ့်မည်ဟု ဆောင်းပါးတွင် နိဂုံးချုပ် ရေးသားထားသည်။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!
လှစိုးဝေ
Ref: “Support for Myanmar’s Junta Only Prolongs the Country’s Conflict” BY: Billy Ford (USIP)