ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြိုနယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ ဇေကမ္ဘာကျောက်လမ်းထိပ်၊ စက်သုံးဆီအရောင်းဆိုင်နားက ခြံဝင်းမှာ မတ် ၂၄ ရက် ညနေ ၆ နာရီလောက်က ရဟန်းအယောင်ဆောင် ၃ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ ရဟန်းယောင်ဆောင် ၃ ယောက်ဟာ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ စိန်ချယ်လမ်းက အဆောင်တစ်ခုတည်းမှာ ငှားရမ်းနေထိုင်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
မြို့ခံတဦးက "ဒီနားတွေ့တာက ၇ ခါ ၈ ခါလောက် ရှိနေပြီ။ အဲဒီခြံက ခြုံတွေထဲ ဝင်ဝင်သွားတာ။ ပြန်ထွက်လာတော့ ပုဆိုးနဲ့ အင်္ကျီနဲ့ပဲ။ အဲဒီနေ့ ညနေက သူတို့ ခြံထဲလည်းဝင်ရော ရဲက အရပ်ဝတ်နဲ့ ဝင်ဖမ်းတာ။ အကုန်လုံးကို သင်္ဃန်းကျွန်းကြီးရပ်ကွက်ရုံးကို အရင်ခေါ်သွားတာ။ အဲဒီကနေ စခန်းပို့လိုက်ကြတာ" လို့ ဆိုပါတယ်။
ဖမ်းမိသူ ၃ ဦးမှာ ပဲခူးတိုင်းမှတ်ပုံတင်ကိုင်ဆောင်ထားသူ ၁ ယောက်နဲ့ ဧရာဝတီမှတ်ပုံတင် ကိုင်ဆောင်ထားသူ ၂ ယောက် ဖြစ်ပြီး မေတ္တာအေးတောရကျောင်းတိုက်အမည် စာအိတ်တွေနဲ့ YBS ပေါ်မှာ ရဟန်းအယောင်ဆောင် လိုက်လံတောင်းခံကြသူတွေလို့ သိရပါတယ်။
ဖမ်းမိသူတွေနဲ့အတူ ရဟန်းလွယ်အိတ် ၃ လုံး၊ လက်ကိုင်ဖုန်း ၂ လုံး၊ ငွေသား ကျပ် ၄၀၀၀၀ လောက် နဲ့ သင်္ဃန်း ၃ စုံတို့ သိမ်းဆည်းရမိပြီး မင်္ဂလာဒုံရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
မတ် ၁၉ ရက် ညပိုင်းကလည်း သင်္ဃန်းကျွန်းကြီးကျေးရွာ၊ သန္တိသုခလမ်းရှိ အဆောင် ၂ ခုမှာ ရဟန်းအယောင်ဆောင် ၆ ယောက် ဖမ်းဆီးရမိခဲ့ပါတယ်။