ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ့်လန်မြို့မှာ တရက်တည်း သူခိုး ၃၄ ယောက် ဖမ်းဆီးရမိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နမ့်လန်မြို့မှာ တိုက်ပွဲဖြစ်မယ့် အရိပ်အယောင်တွေရှိလာတာကြောင့် မြို့ကလူတွေ ကြိုတင်စစ်ဘေးရှောင်တဲ့နောက်ပိုင်း အိမ်ဖောက်ထွင်းခံရတာ၊ ပစ္စည်းပျောက်ရှတာတွေ များလာလို့ ဇူလိုင် ၃၁ ညက ရပ်ကွက်နေပြည်သူတွေပေါင်းပြီး သူခိုးဖမ်းခဲ့တယ်လို့ နမ့်လန်သား တဦးက DVB ကို ပြောပါတယ်။
“ပစ္စည်းပျောက်တာ၊ အိမ်ဖောက်ခံရတာတွေရှိလို့ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက် ညပိုင်းက ရပ်ကွက်ထဲကလူတွေတိုင်ပင်ပြီး သူခိုးဖမ်းတာ၊ အေးချမ်းသာရပ်ကွက်ထဲမှာ ဖမ်းမိတယ်၊ ဘယ် နှစ်ယောက်လဲတော့မသိဘူး၊ အဲဒါ ရှမ်းစစ်တပ် SSPP ကိုလည်းအကြောင်းကြားပြီး ဖမ်းမိတဲ့ သူခိုးကို တညလုံးစစ်မေးတယ်။ အဲဒါနဲ့ ကျန်တဲ့သူတွေပါ လိုက်ဖမ်းလိုက်တာ၊ ( ဩဂုတ် ၁ ရက် ) နေ့ခင်းလောက်မှာ စုစုပေါင်း ၃၄ ယောက်မိတယ်၊ သူတို့ခိုးထားတဲ့ မော်တော်ဆိုင်ကယ် ၅ စီး ၊ မီတာ ဘောက်စ်တွေ ၊ လျှပ်စစ်ဝိုင်ယာကြိုးနဲ့ တခြားပစ္စည်းတွေ တချို့ပြန်ရတယ်။”
အဆိုပါသူခိုးတွေဟာ လားရှိုးဘက်ကနေ စစ်ရှောင်တွေနဲ့အတူရောပြီးပါလာတဲ့သူတွေရော၊ နမ့်လန်မြို့ပေါ်က မူးယစ်ဆေးစွဲနေသူတွေပါ ပါတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့သူတွေကို SSPP/SSA ရှမ်းတပ်ဖွဲ့ထံ အပ်နှံလိုက်ရာ နောက်နောင်မကျူး လွန်စေရဘူးလို့ လာရောက်အာမခံတဲ့ မိဘဆွေမျိုးတွေရှိရင် ပြန်လွှတ်လိုက်တယ်၊ တချို့ကို နယ် နှင်ဒဏ်ပေးလိုက်ပြီး နောက်တခါနမ့်လန်ထဲ ပြန်ဝင်လာတာတွေ့ရင် ချမ်းသာမပေးဘူးလို့ အဖွဲ့က ပြောတယ်လို့ ဆိုပါတယ်။
နမ့်လန်မြို့ဟာ ရှမ်းပြည်မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ လမ်းဆုံမှာရှိပြီး မြောက်ပိုင်းက စစ်ဘေးရှောင်တွေလည်း အမြောက်အမြားရောက်ရှိနေကြောင်း။ ဇူလိုင် ၂၅ ရက် စာရင်းအရ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ကျောင်းနဲ့ ဗလီစတဲ့ စစ်ရှောင်စခန်း ၉ ခုမှာ လူဦးရေ ၂၀၀၀ နီးရောက်နေတယ်။
ပြီးခဲ့တဲ့ အပတ်က နမ့်လန်မြို့နဲ့ ၁၅ မိုင်ကျော်အကွာ နောင်ကော်ကြီးရွာဘက်မှာ MNDAA ကိုးကန့်တပ်ဖွဲ့ဝင်နဲ့ စစ်ကောင်စီ ခမရ ၁၄၇ တို့ တိုက်ပွဲ ဖြစ်ပြီးတဲ့နောက် ကိုးကန့်တပ်တွေ နမ့်လန်နား တဖြည်းဖြည်းနီးလာတယ်၊ နမ့်လန်ရှိ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခြောက်လှန့်တာတွေရှိနေလို့ မြို့ခံတွေရော စစ်ဘေးရှောင်တချို့ပါ တခြားနေရာကို ကြိုတင်ရှောင်တိမ်းနေကြတယ်လို့ ဆိုပါတယ်။