Home
မြန်မာသတင်း
မင်းလှမြို့နယ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်များယူထွက်ပြေး၊ ၁ ဦးပြန်မိပြီး သတ်ဖြတ်ခံရ
DVB
·
March 27, 2023
337833808_130971219934977_1947413670218165108_n

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အခြေစိုက် ခလရ(၁)တပ်ကနေ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးဟာ လက်နက်တွေယူကာ တပ်ကနေ ထွက်ပြေးသွားတယ်လို့   စစ်တပ်နဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။

မင်းလှမြို့နယ် စိန်ကန့်လန့်ရွာအခြေစိုက် ခလရ ၁ မှာ အချုပ်ကျနေတဲ့  သာယာဝတီမြို့နယ် အခြေစိုက် ခလရ(၃၅)တပ်မှ တပ်ကြပ်ကြီးတစ်ဦးကို မတ် ၂၃ ရက် မနက် ၃ နာရီလောက်မှာ ညကင်းတာဝန်ကျနေတဲ့ တပ်သားဖိုးလပြည့်နဲ့  တခြားတပ်သားတစ်ဦးတို့က အချုပ်ခန်း ဖောက် ကယ်ထုတ်ကာ ကျည်ဆန် ၂၀၀၀၊ သေနတ် ၃ လက်၊ ဗုံးအလုံး ၂၀ တို့ကို ယူဆောင်ထွက်ပြေး သွားခဲ့တာလို့ဆိုပါတယ်။

စစ်တပ်ကလည်း တောနင်းရှာဖွေခဲ့ရာမှာ  ရှားတောကွင်းရွာနားမှာ မတ် ၂၄ ရက်နေ့မနက်က ဖိုးလပြည့်ကို ပြန်ဖမ်းမိခဲ့လို့   ခလရ(၁) တပ်ထဲစစ်ကြောရေးလုပ်နေစဥ် အရာရှိက ဓာတ်ဆီလောင်း မီးရှို့သတ်လိုက်ပြီး အခုလို တပ်ကနေ ထွက်ပြေးရင် မိသားစုကိုပါ သတ်မယ်ဆိုပြီး ရဲဘော်တွေကိုလည်း ခြိမ်းခြောက်ပြောခဲ့တယ်လို့ တပ်တွင်းနဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်နေတဲ့ တပ်ဖွဲ့ဝင် ၂ ဦးကို ပဲခူးရိုးမထဲရှိ ရှားတောကွင်းရွာနဲ့ ပျဉ်းကတိုးခင်းရွာ ဝန်းကျင်နေရာတွေကို စစ်ကောင်စီတပ်က ပိုက်စိပ်တိုက်ရှာဖွေနေပေမဲ့ ရှာမတွေ့ဘဲ လွတ်မြောက်နေဆဲဖြစ်ပါတယ်။ 

ပဲခူးရိုးမတလျှောက်မှာ စစ်ကောင်စီတပ်တွေဟာ ဆက်လက်ရှာဖွေနေသလို သစ်ဝါးခုတ် သမား ဒေသခံတွေဟာ ရိုက်နှက်မေးမြန်းခြင်းခံနေရတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ပဲခူးတိုင်းမှာ စစ်တပ်ကနေ ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒါဇင်နဲ့ချီရှိနေပြီး ဒီသတင်းတွေနဲ့ ပတ်သက်လို့  စစ်ကောင်စီကတော့ သတင်းထုတ်ပြန်တာမရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024