ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်ဗုဒ္ဓပူဇနိယပွဲ၊ အနောက်ဘက်မုခ်၊ ကားရပ်နားကွင်းအတွင်း ကျင်းပနေတဲ့ ပွဲဈေးမှာ မတ်လ ၂၆ ရက် ညပိုင်းက ပင်လယ်ဓားပြလှေရဟတ်ရဲ့ လှေကားစင် ပြိုကျလို့ ကလေးငယ်တွေအပါအဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနေ့ည ၇ နာရီလောက်က ရဟတ်အတက်လမ်း အမြင့် ၁၀ ပေလောက်ရှိတဲ့ လှေကားစင်ပေါ်မှာ လူ ၂၀ ခန့် ရဟတ်စီးဖို့ စောင့်ဆိုင်းနေချိန် အလေးချိန်မမျှလို့ သံတိုင်တပ်သစ်သားခင်းစင် ပြိုကျခဲ့တာပါ။
လှေကားစင်ပြိုကျမှုကြောင့် ခါးကျိုးဒဏ်ရာရရှိသူ အမျိုးသားတစ်ဦး၊ ညာဘက်ပေါင် စုတ်ပြဲဒဏ်ရာရရှိသူ အမျိုးသမီးတစ်ဦး အပါအဝင် ခြေထောက်လက်ကျိုး ဒဏ်ရာ၊ ခေါင်းပေါက်ဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပြီး ၁၆ နှစ်အရွယ် အမျိုးသမီး ၄ ဦး၊ အသက် ၂၀ အရွယ် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ ၁၆ နှစ်အောက် ကလေးငယ် ၅ ဦးတို့ ဒဏ်ရာရသွားတယ်လို့ ပဲခူးမြို့ခံ ပရဟိတအသင်းကနေသိရပါတယ်။
"ပင်လယ်ဓားပြလှေက အမြင့်အပေါ်မှာ လုပ်ထားတော့ အပေါ်တက်ဖို့ လှေကားနဲ့ တက်ရတယ်။ အမြင့်က ၁၀ ပေလောက်ရှိတယ်။ အဲဒီလှေကား ပြိုကျတာပါ၊ အားလုံး ၁၁ ဦး ဒဏ်ရာရနဲ့ ဆေးရုံပို့ဆောင်ထားတယ်။ လက်ကျိုးခြေကျိုးဒဏ်ရာ၊ နောက် လူအုပ်ဖိမိတာကြောင့် ခါးကျိုးတာက တစ်ယောက်ရှိတယ်၊ အသေအပျောက်တော့ မရှိပါဘူး " လို့ ပရဟိတ အသင်းဝင်က ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ ပင်လယ်ဓားပြလှေ ပိုင်ရှင်အနေနဲ့ ထိခိုက်ဒဏ်ရာရသူတွေအတွက် ကူညီပေးမှု ရှိ၊မရှိနဲ့ အဲဒီပိုင်ရှင်အပေါ် အရေးယူထားမှု ရှိ၊ မရှိ မသိရသေးပါဘူး။
ပွဲဈေးကို တန်ခူးလဆန်း ၅ ရက်ကနေ ဧပြီ ၉ ရက် အထိ ကျင်းပမှာလို့ သိရပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကို ပဲခူးဆေးရုံပို့ဆောင်ထားပါတယ်။