Home
မြန်မာသတင်း
မြောက်ဥက္ကလာပရှိ ဧည့်ရိပ်သာတခုတွင် ဗုံးထောင်ပြီး ဖုန်းဆက် ငွေတောင်း
DVB
·
March 26, 2023
337414539_1318941985684965_9182635665302286215_n

‌ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီး၊ (ဌ ) ရပ်ကွက်၊ ပိတောက်လမ်းသွယ်၊ အမှတ် ၁၂၇ မှာရှိတဲ့ အင်ကြင်းမြိုင်ဧည့်ရိပ်သာမှာ မတ် ၂၅ ရက် နေ့လယ်က လက်လုပ်ဗုံးတလုံးတွေ့ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

အဆိုပါ လက်လုပ်ဗုံးကို ဧည့်ရိပ်သာအခန်း ၄၀၆ က TV အနောက်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး နေ့လယ် ၂ နာရီလောက်မှာ Mytel ဖုန်းနံပါတ်သုံး အမျိုးသား‌တဦးက ဧည့်ရိပ်သာကို ဖုန်းဆက်ကာ ဗုံးမပေါက်ကွဲစေချင်ပါက ကျပ် သိန်း ၅၀ လွှဲရမယ်လို့ ပြောခဲ့တာလို့ ဧည့်ရိပ်သာနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

" ၂ နာရီလောက်က ကောင်တာဖုန်းကို အဲ့လူက ဆက်တာ၊ ဒီဧည့်ရိပ်သာမှာ ဗုံးထောင်ထားတယ်၊ ဗုံးမပေါက်စေချင်ရင် သိန်း ၅၀ ပေးရမယ် ပြောတယ်။ ဘယ်အခန်းမှာ ထောင်ထားလဲ မပြောသွားဘူး၊ ဖုန်းကျသွားတယ်။ ဖုန်း သုံးလေးခါလောက် ခေါ်တော့ မကိုင်တော့ဘူး။ နံပါတ်က Mytel ပဲ၊ ဧည့်အဝင်စာရင်းကို ပြန်စစ်ပြီး check out လုပ်သွားတဲ့ အခန်းတွေကို အမြန်လိုက်စစ်ကြတာ။  ၂ နာရီ ၂၀ လောက်မှာ ၄၀၆ က TV အနောက်မှာ တိပ်အမည်းနဲ့ ကပ်ထားတဲ့ လက်လုပ်ဗုံးကို တွေ့တာ၊ ရဲက ရောက်လာမှ ဖြုတ်တာပါ။"

ဗုံးထောင်ငွေတောင်းသူဘက်က ပြန်ဆက်သွယ်လာတဲ့အချိန်မှာ ဗုံးက တလုံးတည်း မဟုတ်ဘဲ အခြားနေရာတွေလည်း ထောင်ထားကြောင်း ပြောပေမဲ့ ထပ်ရှာမတွေ့ဘူးလို့ သိရပါတယ်။

ဗုံးတွေ့တဲ့ အခန်း ၄၀၆ မှာ ၂၄ ရက် ညနေ ၄ နာရီက အသက် ၃၀ အရွယ် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး မှတ်ပုံတင်မပါဘဲ တည်းခိုသွားတယ်လို့ သိရပြီး လက်လုပ်‌ဗုံးကို သီရိရတနာကားဝန်းအနောက်ဘက် ကွင်းပြင်မှာ စစ်ကောင်စီက ဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024