ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ဧရာဝဏ်လမ်းမကြီး ၈ ထိပ်မှတ်တိုင်နားမှာ မတ် ၂၄ ရက် ည ၈ နာရီခွဲလောက်က တက္ကစီနဲ့ သုံးဘီးဆိုင်ကယ် တိုက်မိတာကြောင့် ဆိုင်ကယ်မောင်းသူ သေဆုံးသွားပြီး တက္ကစီယာဉ်မောင်းက ကားထားခဲ့ပြီး ထွက်ပြေးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
သုံးဘီးမောင်းသူဟာ အသက် ၃၁ နှစ်အရွယ် ၈ ရပ်ကွက်နေထိုင်သူလို့ သိရပြီး အဲဒီညက ဧရာဝဏ်လမ်းမကြီးကနေ ရပ်ကွက်ထဲ ပြန်ဝင်တဲ့လမ်းမှာ ကားနဲ့ မျက်နှာချင်းဆိုင် တိုက်မိခဲ့တာပါ။
ယာဉ်တိုက်ခံရတာကြောင့် ဘေးတွဲဆိုင်ကယ် ကြေမွပျက်စီးသွားတယ်လို့ သိရပြီး ဆိုင်ကယ်မောင်း သူရဲ့ ညာနံရိုး၊ လည်ပင်းကျိုး ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးသွားတာကြောင့် ရန်ကုန်ဆေးရုံပို့ဆောင်ထားတယ်လို့ သိရပါတယ်။
မြို့ခံပရဟိတအသင်းက "ဖြစ်တဲ့အချိန်က လူနာက ဆုံးသွားပြီ၊ ကားက လမ်းအလယ်လောက်မှာ ကန့်လန့်ကြီး ဖြစ်နေတယ်။ ကားသမားတော့ မရှိတော့ဘူး။ ဘေးတွဲပေါ် ပါစင်ဂျာ မပါဘူး။ အိမ်ကို သိမ်းပြီး ပြန်တဲ့အချိန် ဖြစ်သွားတာ။ သေသွားသူက သာကေတ ၈ ရပ်ကွက်ထဲကပါ။ မိသားစုတွေတော့ ရောက်နေပါပြီ။ DB ကို ဆေးရုံပို့ထားပေးပါတယ် " လို့ ဆိုပါတယ်။
မတ် ၁၅ ရက် ညပိုင်းကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်မှာ မော်တာတပ်ဆိုက်တွဲယာဉ်တစ်စီး ကားတိုက်ခံရတာကြောင့် မောင်းသူ သေဆုံး၊ ၂ ဦး ဒဏ်ရာရရှိခဲ့ကာကားမောင်းပြေးသွားတယ်လို့ သိရပြီး ယာဉ်မောင်းကို ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။