Home
မြန်မာသတင်း
ဆုံကုန်းရွာကို စစ်တပ်မီးရှို့သဖြင့် အဘိုးအဘွား ၆ ဦး သေဆုံး၊ အင်းတော်တွင် အမျိုးသား ၅ ဦး ဖမ်းဆီးခံရ
DVB
·
March 25, 2023
336778234_929828944964978_3533996834129591455_n

စစ်ကိုင်းတိုင်း၊ ဘုတလင်မြိုနယ်အတွင်းက ဆုံကုန်းရွာကို စစ်ကောင်စီက မတ် ၂၅ ရက် မနက် ၈ နာရီခွဲလောက် စတင်မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီမီးရှို့သွားတဲ့ ဆုံကုန်းရွာဟာ အိမ်ခြေ ၄၅၀ ကျော် ရှိတဲ့ ကျေးရွာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့က မနေ့က သားရိုးကုန်းရွာမှာညအိပ်တယ်။ ဒီနေ့မနက်ခင်း ၇ နာရီ ၂၀ မိနစ်လောက်က သားရိုးကုန်းရွာအနောက်ဘက် ရထားလမ်းအတိုင်း ကျနော်တို့ ဆုံကုန်းရွာကို ဝင်လာတယ်။ အခုလိုရွာကို မီးမရှို့လောက်ဘူးထင်ပြီး မပြေးနိုင်တဲ့ အဘိုးအဘွား ၆ ဦး ရွာထဲမှာထားခဲ့ကြတာ။ အခုတော့ သူတို့က ရွာကိုလည်း မီးရှို့ပြီး အဘိုးအဘွား ၆ ဦးကိုပါ မီးရှို့သတ်ထားခဲ့ကြတယ်။ မီးလောင်တဲ့ အိမ်အလုံးအရေကတော့ ရွာရဲ့သုံးပုံ ၂ ပုံခန့်အထိ မီးလောင်ကျွမ်းတယ်။ အတိအကျ အိမ်အလုံးအရေအတွက်ကတော့ စာရင်းမပြုရသေးဘူး။ အခုထိ မီးငြှိမ်းနေရတယ်။ စစ်သားတွေကတော့ ဘုတလင်မြို့ထဲဝင်သွားပြီ” လို့ ဆုံကုန်ရွာသားတဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ တပ်မ ၁၁ ကဖြစ်ပြီး ဆုံကုန်းရွာကို အကြောင်းမဲ့မီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၉ ရက်နေ့က စစ်ကောင်စီ အကြီးအကဲ မင်းအောင်လှိုင် နမခစစ်တပ်ကို လာစဉ်ကလည်း တပ်မ ၁၁ က အလုံမြို့နယ်နဲ့ ဘုတလင်မြို့နယ်တို့ကို စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်၊ မံဟဲရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကျေးရွာသားအားလုံးကို ခေါ်ယူစစ်ဆေးကာ အမျိုးသား ၅ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၂၃ ရက် ညနေက မံဟဲကျေးရွာကို စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ခဲ့တာဖြစ်ပြီး ၂၄ ရက် မနက်မှာ အမျိုးသား ၅ ယောက်ကို ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတဦးက  "မတ် ၂၃ ရက် ညနေ ၄ နာရီလောက် စစ်တပ်က ရွာကို ဝင်စီးပြီး ရွာက သူတွေကို အကုန်ခေါ်စစ်တယ်၊ အမျိုးသမီးတွေလည်းပါတယ်။ ဘယ်သူတွေနဲ့ အဆက်အသွယ် ရှိလည်း ပေါ့။ ၂၄ ရက် မနက် အစောကြီး ၃ နာရီလောက် စစ်ကြောင်းပြန်ထွက်တော့ အမျိုးသား ၅ ယောက်ကို ဖမ်းခေါ်သွားတယ်" လို့ ပြောပါတယ်။

အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ မံဟဲရွာဟာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်မှာ ရှိနေတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024