Home
မြန်မာသတင်း
သင်္ကြန်ရုံးပိတ်ရက်အကြို အထူးရထားများ ပြေးဆွဲမည်
DVB
·
March 24, 2023
Train

လာမယ့်မြန်မာ့နှစ်သစ်ကူး သင်္ကြန်ရုံးပိတ်ရက်မတိုင်ခင် ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ အထူးရထားတွေ ပြေးဆွဲသွားမှာဖြစ်ပြီး ခရီးစဉ်တွေအနေနဲ့ ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည် လမ်းကြောင်းတွေ ဖြစ်တယ်လို့ မီးရထားဌာနကနေ သိရပါတယ်။

ရန်ကုန်ဘူတာကြီး လက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတဦးက “သင်္ကြန်ပိတ်ရက် မတိုင်ခင်မှာ အထူးရထားတွေ ထွက်ဖို့ရှိပါတယ်။ ထွက်ခါနီး တရက် နှစ်ရက် အလိုမှ စာထွက်မှာပါ။ လက်မှတ်ခအနေနဲ့ မော်လမြိုင် အထက်တန်း ၈,၀၀၀၊ ရိုးရိုးတန်း ၄,၀၀၀ နဲ့ မန္တလေး အထက်တန်း ၁၆,၀၀၀၊ ရိုရိုးတန်း ၉,၀၀၀ ကျပ်၊ ပြည် အထက်တန်း ၇,၀၀၀ ကျပ် သတ်မှတ်ထားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီလက်ထက် မီးရထားဘူတာတွေမှာ လက်မှတ်အရောင်းတာဝန်ရှိသူတွေနဲ့ ပွဲစားတွေ လက်ဝါးချင်းရိုက်ပြီး မီးရထားလက်မှတ်ခတွေကို ၂ ဆတင် ရောင်းနေတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ရထားလက်မှတ်ဝယ်ယူရာမှာ ခရီးသည်ကိုယ်တိုင် တန်းစီဝယ်ရင် အထက်တန်းကို ဝယ်မရသလို အထက်တန်းလက်မှတ်ကို ပွဲစားတွေဆီကဝယ်မှသာ ရပြီး လက်မှတ်ခအနေနဲ့ အထက်တန်း ၆,၀၀၀ ကျပ်တန်ကို ၁၂,၀၀၀ ကျပ်အထိ ရောင်းနေတာ ကြုံခဲ့ရတယ်လို့ ပေါင်းတည်ကနေ ရန်ကုန်ကို အထူးတန်းလက်မှတ် ဝယ်ယူခဲ့တဲ့ ခရီးသည်တဦးက ပြောပါတယ်။

“ရထားလက်မှတ် ၉ နာရီ စရောင်းမယ်ပြောလို့ ဘူတာမှာ ၈ နာရီမခွဲခင်မှာ တန်းစီခဲ့တာ။ အဲ့အချိန်မှာ ပွဲစားက သူတို့လည်း မနက် ၄ နာရီကတည်းက တန်းစီဖို့ စောင့်နေတာ ပြောတယ်။ လက်မှတ်စတင်ရောင်းချိန်မှာ ပွဲစားက ထိပ်ဆုံးကနေ အထက်တန်း ၃ ခုံဝယ်တယ်၊ ဒုတိယနေရာကတန်းစီတဲ့ ကျမအလှည့်ကျတော့ အထက်တန်းက ကုန်ပြီပြောတယ်။ ကျမအနောက်က တန်းစီတဲ့ ပွဲစားတွေကျ အထက်တန်းလက်မှတ်တွေ ဝယ်လို့ရတယ်။”

မော်လမြိုင်ခရီးစဉ် လိုက်ပါနေကြ ခရီးသည်တဦးကလည်း “သင်္ကြန်ရက်ထွက်မယ့် လက်မှတ်တွေက တကယ်ဝယ်ရင် မရဘူး။ မှောင်ခိုတွေမှာ ဝယ်ရတယ်။ မှောင်ခိုဝယ်ရတယ် ဆိုတာကလည်း ရောင်းတဲ့ဝန်ထမ်းတွေဆီကပဲ ဝယ်ရတာ။ အခါကြီး ရက်ကြီး ပိတ်ရက်တွေဆို လက်မှတ်တွေကို အရောင်းပြပြီး တန်းစီဝယ်တဲ့အခါ အရမ်းခက်ခဲတယ်။ ပွဲစားတွေကို ချိတ်ထားရတယ်” လို့ ပြောပါတယ်။

ရထားလက်မှတ်တွေကို အထက်တန်းအတွက် ၃ ရက် ကြိုတင်ဖြတ်နိုင်ပြီး ရိုးရိုးတန်းလက်မှတ်တွေကို တရက်ကြိုတင်စနစ်နဲ့ ဝယ်ယူနိုင်မယ်လို့ သိရပြီး စစ်ကောင်စီလက်ထက်မှာ မီးရထားစီးနင်းတဲ့ ခရီးသည်တွေအနေနဲ့ မှတ်ပုံတင်နဲ့ ရထားလက်မှတ်တွေကို ဝယ်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၁၊ ဖေဖော်ဝါရီလကစပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှု CDM မှာ မြန်မာ့မီးရထားဝန်ထမ်း အများအပြား ပါဝင်ခဲ့ကြပြီး မီးရထားခရီးစဉ်တွေ အားလုံးရပ်ဆိုင်းတဲ့အထိ ဖြစ်ခဲ့ကာ ဒီကနေ့အထိ ရထားခရီးစဉ်တွေ ပုံမှန်မပြေးဆွဲနိုင်သေးဘူးလို့ CDM ဝန်ထမ်းတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024