နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ လယ်ပြင်မကျေးရွာမှာ မတ်လ ၁၈ ရက်က ရေတွင်းတူးနေတဲ့အချိန် ဂက်စ်အနံ့ရပြီး မီးထတောက်တာကြောင့် သက်ဆိုင်ရာကို အကြောင်းကြားထားပေမဲ့ ဒီနေ့အထိ လာရောက်စစ်ဆေးတာ မရှိတဲ့အတွက် ဂက်စ်ပေါက်ကွဲမှုဖြစ်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
လယ်ပြင်မကျေးရွာမှာ ရေရှားတာကြောင့် အနက်ပေ ၂၀၀ အထိ ရေတွင်းတူးနေချိန်မှာ ဂက်စ်အနံ့ရတဲ့အတွက် မီးခြစ်ကြည့်ချိန်မှာ မီးထတောက်ခဲ့တာလို့ ကျေးရွာဒေသခံတဦးက ဆိုပါတယ်။
အရင်က တပ်ကုန်းလမ်းတွေမှာ ဂက်စ်လိုင်းတွေ မြှုပ်တာမျိုးတွေရှိပြီး ရွာဘက်တွေမှာတော့ မြှုပ်လေ့မရှိဘဲ အခုက ဘာကြောင့်ဖြစ်တယ်ဆိုတာကို မသိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
အဲဒီလို မီးတောက်နေတာကို ဒေသခံတွေက သက်ဆိုင်ရာကို အကြောင်းကြားပေမဲ့ လာရောက်တာမရှိတဲ့အတွက် မီးတောက်မကြီးအောင် သဲအိတ်တွေနဲ့ ဖုံးထားရတယ်လို့ သိရပါတယ်။